ဘူးသီးတောင် စကခ၁၅ကို AA သိမ်းပိုက် ၊ မြို့သိမ်းနိုင်ဖို့လက်တကမ်းသာလို

မေ ၊ ၄

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းဖြစ်တဲ့အမှတ်၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)ကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းစစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။

စကခ(၁၅)ကို AAကပြီးခဲ့တဲ့တလလောက်ကစတင်ထိုးစစ်ဆင်နေတာဖြစ်ပြီ မနေ့က မေလ၃ရက်မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် စကခ(၁၅)လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ ၅၅၁နဲ့ ခမရ၅၆၅ တို့ကိုလည်း မနေ့က ဆက်လက်သိမ်းပိုက်ခဲ့တယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က လက်နက်ချသူတွေရှိပြီး ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ အကြီးဆုံးတပ်ဌာချုပ်ဖြစ်တဲ့ စကခ(၁၅)ကိုသိမ်းပိုက်နိုင်တာကြောင့် မြို့ကိုသိမ်းပိုက်နိုင်ဖို့ လက်တကမ်းသာလိုတော့တယ်လို့ အထက်ပါသတင်းရင်းမြစ်ကမှတ်ချက်ပြုပါတယ်။ “သိပ်မကြာတော့ဘူး ဘူးသီးတောင်ရောမောင်တောရောရတော့မယ်” လို့သူကဆိုပါတယ်။

လက်ရှိဘူးသီးတောင်မြို့နယ်မှာ ခမရ၃၅၂၊ ၅၃နဲ့အမြောက်တပ်ရင်းတခု အပါအဝင် စစ်ကောင်စီတပ်ရင်း ၆ခုလောက် ကျန်ရှိနေပြီး AAက အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။ ဘူးသီးတောင်ဒေသမှာစစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိပြီး ခြေမြန်တပ်ရင်း၂ခုကိုတော့ AAက ပြီးခဲ့တဲ့လပိုင်းအတွင်း သိမ်းပိုက်ထားတာပါ။

AAက မေလ၂ရက်နဲ့၃ရက်မှာလည်း မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အကြီးဆုံးတပ်စခန်းဖြစ်တဲ့ ကျီးကန်းပြင်နယ်ခြားစောင့် ရဲဌာချုပ်နဲ့ စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်နှစ်ခုကိုဧပြီလ ၂၆ ရက်မှစလို့ ည ၇နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို AA က ထုတ်ပြန်ထားပါတယ်။ တကျော့ပြနိရခိုင် တိုက်ပွဲ ၅ လကျော်အတွင်း ရခိုင်နဲ့ချင်းတောင်ပိုင်းက မြို့နယ်၉ခုကို AA က သိမ်းပိုက်ထားပါတယ်။