တန့်ဆည်မှာ စစ်တပ်သတ်ဖြတ်ခဲ့သူတွေရဲ့ ဓာတ်ပုံတွေသုံးပြီး AA ကို လူမျိုးရေးတိုက်ခိုက်ထားတဲ့ သတင်းအမှား

မေလ   ၄   ရက်

အာရက္ခတပ်တော် AA ဟာ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုပြီး ခေါင်းဖြတ်အသတ်ခံထားရတဲ့ ရုပ်အလောင်းဓာတ်ပုံတချို့နဲ့ လူမျိုးရေးအရဝါဒဖြန့်သွေးထိုးထားတဲ့ အကြောင်းအရာတခု လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

Voice Of Muslim လို့ အမည်ပေးထားတဲ့ Telegram အကောင့်ကနေ ၂၀၂၄ မေလ ၁ ရက်မှာ ရခိုင်အစွန်း ရောက် AA အကြမ်းဖက်အဖွဲ့က မွတ်ဆလင်လူမျိုးများအပေါ်အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု များ ပိုမိုပြုလုပ်လာဆိုတဲ့ ခေါင်းစဉ်နဲ့အဲ့ဒီအကြောင်းအရာကို ရေးသားဖော်ပြခဲ့တာပါ။

ဒီအကြောင်းအရာနဲ့အတူ ဓာတ်ပုံသုံးပုံကိုလည်း ပူးတွဲဖော်ပြထားကာ ဒီဓာတ်ပုံတွေဟာ AA လက်ချက်နဲ့ သေဆုံးခဲ့တဲ့ ဘူးသီးတောင်ဒေသခံ မွတ်စလင်တဦးရဲ့  ရုပ်အလောင်းလို့လည်း ဆိုထားပါတယ်။

အဲ့ဒီလိုရေးသားဖြန့်ဝေထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

 

 

 

 

 

 

 

 

 

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ထက်ဝက်လောက်ကို စစ်ကောင်စီလက်လွှတ်ခဲ့ရပြီးနောက် ဒေသတွင်းမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ သွေးထိုးလှုံ့ဆော်မှုတွေရှိနေပြီး ရှုပ်ထွေးနေချိန်မှာ အခုလိုရေးသား ဖြန့်ဝေမှုတွေပါရှိလာတာပါ။

ဒါကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး DNA Fact Check Team က စိစစ်ကြည့်တဲ့အခါ စစ်ကိုင်း တိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားတဲ့  ရုပ်အလောင်းဓာတ်ပုံတွေ သုံးပြီး သတင်းမှားဖြန့်ဝေထားတယ်ဆိုတာ  အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လော်ဘီတယ်လီဂရန် ချန်နယ်တခုဖြစ်တဲ့ နေပြည်တော် အကောင့်ကလည်း အဲ့ဒီ ဓာတ်ပုံတွေကိုပဲသုံးပြီး အကြောင်းအရာတူရေးသားပြီး သတင်းမှားဖြန့်ထားတာကို ဒီနေရာမှာ တွေ့နိုင်ပါ တယ်။

Voice Of Muslim ကရေးသားထားတာကို စကစလော်ဘီဖြစ်တဲ့ Western 24 News , May Yu Htar Nay, Khit Thit Myanmar, Lashio Thar, Ko Thet နဲ့ Min Chit Oo ချန်နယ်တွေက ထပ်ဆင့်မျှဝေ နေတဲ့အတွက် ဆက်ပြီးပျံ့နှံ့နေတာကိုလည်းတွေ့ရှိရပါတယ်။

အဲ့ဒီဖော်ပြမှုတွေမှာ သုံးထားတဲ့ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီ လက်ချက်နဲ့ သေဆုံး ခဲ့ရတဲ့ တန့်ဆည်ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်းတွေဖြစ်ကြောင်း  အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကန့်ဘလူအခြေစိုက် ပျူစောထီးတွေပူးပေါင်းပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ မတ်လ  ၂၂ ရက်နဲ့ ၂၃ ရက်တို့က စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ရေဦးအစပ်ကျေးရွာတွေဖြစ်တဲ့ ချောင်းရိုးနဲ့ ဖန်ခါးဇင်ရွာတွေကို စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲ့ဒီလိုစစ်ကြောင်းထိုးချိန်အတွင်း စုစုပေါင်း အမျိုးသားလေးဦးကို သတ်ဖြတ်ခဲ့ပြီး အခုရခိုင်မှာ AA လက်ချက်နဲ့သေဆုံးတယ်လို့ ပြန်လည်ဖြန့်ဝေလာတဲ့ ဓာတ်ပုံတွေဟာ တန့်ဆည်ဖြစ်စဉ်ထဲက သေဆုံးသူ နှစ်ဦးရဲ့ ရုပ်အလောင်းတွေပါ။

စစ်ကောင်စီစစ်ကြောင်း ထိုးချိန်အတွင်း ဒေသခံတွေသတ်ဖြတ်ခံရတဲ့အကြောင်းကို ရေဦးအခြေပြု တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People’s Defense Comrade က ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ် ချန်နယ် တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

“ချောင်းရိုး ရွာခံတစ်ဦးရယ်၊ ဖန်းခါးဇင်ရွာခံပြည်သူတစ်ဦးတို့ကို ခေါင်းဖြတ်ဗိုက်ခွဲသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဥ် က ဓာတ်ပုံတွေ” လို့ People’s Defense Comrade ကတာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထူးခန့်ဇော် (အမေ့သား) က DNA ကို အတည်ပြုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တန့်ဆည်မြို့၊ ချောင်းရိုးရွာထဲက အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ထားခဲ့ ပြီး နောက်တစ်ဦးကို လည်ပင်းကိုကြိုးနဲ့ချည်ဆွဲပြီးမှ လည်လှီးသတ်ဖြတ်ကာ ချောင်းထဲပစ်ချထားခဲ့တယ် လို့ People’s Defence Comrade က ဓါတ်ပုံနဲ့တကွ ရေးသားထားတာကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီဖြစ်စဉ်အတွင်း ချောင်းရိုးရွာသား အသက် ၄၃ နှစ်အရွယ် ဦးမိုးဝင်း၊ အသက် ၄၄ နှစ်အရွယ် ဦးအောင် ကျော်ဦးတို့ တဦးက ခေါင်းဖြတ်သတ်ခံရ၊ နောက်တဦးကတော့ လည်လှီးသတ်ဖြတ်ခံရပြီး ကာကွယ်ရေး အဖွဲ့ဝင် အသက် ၄၁ နှစ်အရွယ် ဦးစိုးသူနဲ့ အသက် ၁၇ နှစ်အရွယ် ကိုဝေဖြိုးအောင်တို့ တိုက်ပွဲမှာကျ ဆုံးကြောင်း RFA မြန်မာပိုင်းသတင်းဌာနက ရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီဖြစ်စဉ်ကိုပဲ စစ်အုပ်ရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ Truth Media Telegram ကနေ ပြည်သူ့စစ်အထူး ကွန်မန်ဒိုတွေလက်ချက်နဲ့ PDF တွေသေဆုံးခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ လှောင်ပြောင်ရေးသား ဖော်ပြ ကာ  နေပြည်တော် ချန်နယ်ကနေ မျှဝေထားတာကိုလည်း ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်။

ချောင်းရိုးရွာဟာ ပေါ်တူဂီမျိုးနွယ်စုတွေ အများစုနေထိုင်တဲ့ ကျေးရွာတရွာဖြစ်သလို ဒေသခံအများစု ကလည်း ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ်။ ဒါကြောင့် တခြားအညာဒေသခံတွေနဲ့ ရုပ်ရည် သွင်ပြင်အရ ကွဲပြားတဲ့ အမျိုးသားရုပ်အလောင်းဓာတ်ပုံကိုသုံးပြီး စစ်အုပ်စုက ရခိုင်က မွတ်စလင်တွေရဲ့ ရုပ်အလောင်းလို့ သတင်းမှားဖြန့်ရေးသားပုံဖော်ခဲ့ကြတာပါ။

“ရခိုင်-မွတ်စလင် ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေးမှိုင်းတိုက် ဝါဒဖြန့်ထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်”လို့ ကိုထူးခန့်ဇော်က စစ်အုပ်စုရဲ့ သတင်းမှားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

လက်ရှိ ရခိုင်ပြည်မှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မဖိ အားပေး စုဆောင်းတာ AA အလိုမရှိကြောင်း ဖိအားပေးဆန္ဒပြခိုင်းတာတွေရှိနေသလို ဒေသခံမွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း AA နဲ့ စစ်ကောင်စီတို့ အပြန်အလှန် စွပ်စွဲထားတာတွေလည်းရှိနေ  ပါတယ်။

ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းတု၊ သတင်းမှားနဲ့အမုန်းစကားတွေ ပြန့်ပွား နေပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအန္တရာယ်နဲ့တင်းမာမှုများလာတဲ့ အရိပ်အယောင်တွေမြင်နေရတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က အခုလ ၁ ရက်နေ့က ကုလ ရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါသေးတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။