Photo – စစ်အုပ်စုတယ်လီဂရန်
မေ၊ ၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ရေစကြို- ပခုက္ကူသွားကားလမ်းပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာအနီးမှာ မနေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကိုတိုက် ခိုက်ပြီး သေနတ်တွေကို PDF တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
“ဒီဘက်(PDF) က အသင့်စောင့်ပြီး ပစ်ခတ်တိုက် ခိုက်နိုင်ခဲ့တဲ့သဘောပေါ့၊သေဆုံးတဲ့သူတွေအားလုံးကရဲတွေပါ ပန်းတိုင်းခြုံရွာ စစ်ဆေးရေးဂိတ်က” လို့ သူကပြောပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ G – 3 သေနတ် သုံးလတ်၊ MA သေနတ် လေးလတ်နဲ့အတူ ကျည်ဘောက်နဲ့ ကျည်ဆံ တချို့ကိုလည်း PDF တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ပန်းတိုင်းခြုံကျေးရွာဘက်ကို ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တချို့မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အထက်ပါ PDF တွေနဲ့ နီးစပ်သူကပြောပါတယ်။
ပစ်ခတ်မှုနဲ့ပက်သက်ပြီး ဘယ်အဖွဲ့တွေပါဝင်တယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး။
စစ်ကောင်စီကို အားပေးထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ပန်းတိုင်ခြုံရွာမှာ တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့တွေအားလုံးသေဆုံးပြီး လက်နက်တွေ ပျောက်ဆုံးနေတယ်လိုရေးသားနေပေမယ့် အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။