ထိုင်ဝမ်မှာ နာရီပိုင်းအတွင်း ဒါဇင်နဲ့ချီတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်

ဧပြီ ၊ ၂၃

ထိုင်ဝမ်နိုင်ငံမှာ နာရီပိုင်းအတွင်း ဒါဇင်နဲ့ချီ များပြားတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက် ပျက်စီးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဧပြီ ၂၂ ရက် ညနေပိုင်းကနေ ဧပြီ ၂၃ ရက် မနက်ပိုင်းထိ လှုပ်ခတ်ခဲ့တဲ့ ငလျင်အများစုဟာ လဆန်းပိုင်းတုန်းက ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီး ဗဟိုပြုခဲ့ရာ နိုင်ငံအရှေ့ပိုင်း ဟွာလျန်း ဒေသတဝိုက်မှာ ဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့တုန်းက ဟွာလျန်း ငလျင်ကြောင့် ထိုင်ဝမ်မှာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီ ငလျင်နောက်ပိုင်း ထိုင်ဝမ်မှာ နောက်ဆက်တွဲ ငလျင်တွေနဲ့ မြေလွှာ တုန်ခါမှုတွေ အကြိမ်ပေါင်း ၁၀၀၀ လောက် ဖြစ်ပွားခဲ့ပြီး အခုလို ငလျင်တွေ ဆက်တိုက် လှုပ်ခတ်တာကလည်း ဟွာလျန်းငလျင်ရဲ့ နောက်ဆက်တွဲ ဂယက်လို့ ယူဆရပါတယ်။

ထိုင်ဝမ်ဟာ ရေအောက် ပြတ်ရွေ့ကျောက်ချပ်ကြီးနှစ်ခုနဲ့ နီးနီးကပ်ကပ် တည်ရှိတာကြောင့် ငလျင်တွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။

နာရီပိုင်းအတွင်း ငလျင်တွေ အကြိမ် ၈၀ လောက် လှုပ်ခတ်ခဲ့ရာမှာ အနည်းဆုံး နှစ်ခုက ရစ်ချ်တာစကေး ၆ အဆင့်ထက် ပိုပြင်းထန်ခဲ့တယ်လို့ ငလျင်တိုင်းတာရေး အေဂျင်စီတွေက ဆိုပါတယ်။ ဧပြီ ၃ ရက် ငလျင်ကြောင့် ပျက်စီးမှုတွေ ဖြစ်ပွားထားတဲ့ အဆောက်အအုံ တချို့မှာ နောက်ထပ် ပျက်စီးတာတွေ ကြုံခဲ့တာကလွဲရင် အခု အတွဲလိုက် ငလျင်တွေကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။

ထိုင်ဝမ်ရဲ့ ငလျင် တိုင်းတာရေး ပညာရှင်တွေက အခု နောက်ဆက်တွဲ ငလျင်တွေဟာ ကိန်းအောင်းထားတဲ့ တည်မြဲစွမ်းအင်တွေ လွတ်ထွက်လာတဲ့ အကျိုးဆက်လို့ ရှင်းပြခဲ့ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း အလားတူ အခြေအနေတွေ ထပ်ကြုံရနိုင်တယ်လို့ ပြောပါတယ်။

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က လတ်တလောမှာတော့ ပြည်သူတွေ အနေနဲ့ တောင်စောင်း ဧရိယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး မြေပြိုမှု အန္တရာယ်တွေကို သတိထားကြဖို့ Facebookမှာ နှိုးဆော်ထားပါတယ်။

အခုလအတွင်း ငလျင်တွေ နိုးကြားလှုပ်ခတ်နေတဲ့ ဟွာလျန်းဟာ တောင်ထူထပ်တဲ့ ကျေးလက် ဒေသတခုဖြစ်ပြီး ငလျင်တွေကြောင့် တောင်ပြိုလို့ လမ်းတွေပိတ်တာမျိုး အခက်အခဲတွေ ကြုံနေရပါတယ်။

ထိုင်ဝမ်မှာ ၂၀၁၆ ခုနှစ်တုန်းက ငလျင်တခုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ဖူးသလို ၁၉၉၉ ခုနှစ်မှာလည်း ရစ်ချ်တာစကေး ၇.၃ အဆင့် ငလျင်ကြီး တခုကြောင့် လူ ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

Ref: Reuters