လူငယ်တွေနဲ့ ပိုထိတွေ့နိုင်ဖို့ Instagram အကောင့်ဖွင့်ခဲ့တဲ့ ဂျပန် တော်ဝင်မိသားစု

ဧပြီ၊ ၂

ပုံမှန်ဆိုရင် သိုသိုသိပ်သိပ်သာ နေထိုင်လေ့ရှိတဲ့ ဂျပန် တော်ဝင်မိသားစုဟာ နာမည်ကျော် လူမှုကွန်ရက် မီဒီယာ တခုဖြစ်တဲ့ Instagramကို ချိတ်ဆက်လိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာ ဂျပန် တော်ဝင် မိသားစုက Instagramမှာ အကောင့်စဖွင့်ခဲ့တဲ့နောက် နာရီပိုင်းအတွင်းမှာတင် followerပေါင်း ၅ သိန်းနီးပါးကို စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

@kunaicho_jpဆိုတဲ့ Instagram စာမျက်နှာမှာ ဂျပန်ဘုရင် နာရူဟီတိုနဲ့ မိဖုရား မာဆာကိုတို့က အသက် ၂၂ နှစ်အရွယ် သမီးဖြစ်သူ မင်းသမီး အိုင်ကိုနဲ့ အတူထိုင်နေတဲ့ ဓာတ်ပုံကို ပထမဆုံး တင်ထားခဲ့တာပါ။ ဧပြီ ၂ ရက်နေ့တုန်းကလည်း ဘုရင်နဲ့ မိဖုရားတို့ ငလျင်ဘေးသင့် နိုတိုဒေသကို ဇန်နဝါရီလတုန်းက သွားရောက် စစ်ဆေးကြည့်ရှုခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံကို တင်ထားတာ တွေ့ရပါတယ်။

အကောင့်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက ဖွင့်ထားပေမယ့် ဧပြီ ၁ ရက်နေ့ကမှသာ publishလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Instagram အကောင့်ကနေ တော်ဝင်မိသားစုရဲ့ လုပ်ငန်းတာဝန်တွေကို လူထုနဲ့ ပိုပြီး ထိတွေ့ပေးစေလိုတာကြောင့်လို့ ဆိုပါတယ်။

Instagramမှာ အကောင့်ဖွင့်ခဲ့တာကလည်း ဂျပန် တော်ဝင်မိသားစုဟာ လူငယ်ပိုင်းတွေနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင် ထိတွေ့လိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်မင်းဆက်ဟာ သက်တမ်းနှစ် ၂၀၀၀ ကျော်လောက် ရှည်ကြာလာခဲ့ပြီဖြစ်ပြီး ပြည်တွင်းမှာ ဘုရင်နဲ့ တော်ဝင်မိသားစုတွေကို လူသိရှင်ကြား ဝေဖန်တာမျိုးက အတော်လေး ဝန်လေးတဲ့ ကိစ္စမျိုးအဖြစ် အသားကျနေပါတယ်။

အကောင့်သစ်မှာ တင်ထားတဲ့ အကြောင်းအရာတွေကလည်း အတော်လေး သတင်းထုတ်ပြန်ချက် ဆန်လွန်းနေပြီး တော်ဝင် မိသားစုတွေနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေနဲ့ လူမြင်ကွင်း နောက်ကွယ်က အခိုက်အတန့်မျိုးတွေကိုတော့ ဖော်ပြထားတာ မရှိသေးကြောင်း စောင့်ကြည့်သူတွေက မှတ်ချက်ပေးထားကြပါတယ်။

 

Ref: AP