နိုင်ငံပိုင်နက်ထဲမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဆယ်ကျော် သေဆုံးကြောင်း ဆီးရီးယားစွပ်စွဲ

မတ် ၊ ၃၀

လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အစ္စရေးက ကျူးလွန်ခဲ့တာလို့ ဆီးရီးယား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

 ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အလက်ပို ဒေသမှာ မတ်လ ၂၉ ရက် မနက်အစောပိုင်းတုန်းက အစ္စရေး တိုက်လေယာဉ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 အစောပိုင်းတုန်းက အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ အမေရိကန်လက်ချက် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အမေရိကန်က ချက်ချင်း ငြင်းဆိုခဲ့ပါတယ်။

 ဗြိတိန် အခြေစိုက် နိုင်ငံတကာ စောင့်ကြည့်ရေး ဌာနတခုကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ လက်ဘနွန် ပြောက်ကျားအဖွဲ့ ဟစ်ဇ်ဘိုလာရဲ့ ဆီးရီးယား အခြေစိုက် စစ်စခန်း တခုကို ပစ်မှတ်ထားခဲ့ပြီး ဆီးရီးယား စစ်သားတွေရော၊ ဟစ်ဇ်ဘိုလာ အဖွဲ့သားတွေပါ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးရဲ့ ခါးသီးရန်ဘက်တွေ စာရင်းမှာ ထိပ်ဆုံးနားက ပါဝင်နေပါတယ်။

 အစ္စရေးက ဆီးရီးယားက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘာမှ တိတိကျကျ မှတ်ချက် မပေးပေမယ့် လက်ဘနွန် ပိုင်နက်ထဲမှာ အကောင်အထည် ဖော်ခဲ့တဲ့ စစ်ဆင်ရေး တခုမှာတော့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်း တဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြေညာသွားပါတယ်။ ဟစ်ဇ်ဘိုလာတွေဖက်ကတော့ အဲဒီကိစ္စအပေါ် ဘာတုံ့ပြန် ဖြေရှင်းမှုမှ မရှိသေးပါဘူး။

 ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)က အလက်ပိုမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း အသေအပျောက် ၄၂ ဦးထက်မနည်း ရှိနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အစ္စရေးဟာ လေယာဉ်တွေနဲ့ ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်ခဲ့ပြီး အသေအပျောက် စာရင်းထဲမှာ အရပ်သားတွေလည်း ပါဝင်ခဲ့ကြောင်း၊ ဒီလုပ်ရပ်မျိုးဟာ အကြမ်းဖက်မှု သက်သက်ဖြစ်ကြောင်း စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

 အစ္စရေးဟာ အရင်ကလည်း ဆီးရီးယား ပိုင်နက်ထဲမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ ရန်သူတော် အီရန်နဲ့ အဆက်အနွှယ် လက်နက်ကိုင် ပြောက်ကျားအဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

 Ref: BBC