ခရိုင်ရုံးစိုက်ရာ ဖာပွန်မြို့ကို KNU တော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထား

မတ်၊ ၂၉

ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မြို့ကို စွန့်ခွာထွက်ပြေးသွားတာ ကြောင့်  မြို့ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေထံမှ သိရပါတယ်။

သူတို့(စစ်တပ်)ကို ပိတ်ဆို့တိုက်ခိုက်နေတာ ကြာပြီးပေါ့၊ နောက်ဆုံးမှာ သူတို့မြို့ထဲက ထွက်ပြေးသွားလို့ မြို့ကို ထိန်းချုပ်နိုင်သွားတာပါ လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါ တယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့ကို အခုလတတိယပတ်ကတည်း က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ မြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားချိန်မှာ မြို့ပေါ်မှာ အင်အားရာချီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ချအညံ့ခံဖို့ ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ခိုးကြောင်ခိုးဝှက်နဲ့ ဆုတ်ခွာသွားတာကြောင့် မနေ့က မတ်လ ၂ ၈ရက်နေ့မှာ မြို့ကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး၊ ခွုံခိုတိုကျခိုကျတာနဲ့ ထိတွေ့မှု အနည်းငယ်တော့ ရှိတယ် လို့ အဲဒီနီးစပ် သူက ပြောပါတယ်။

ခရိုင်ရုံးစိုက်တဲ့ဖာပွန်မြို့နယ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွက်ကဲမှုအောက် အခြေချစစ်ဗျူဟာ စဗခ(၁)၊ ခြေလျင်တပ်ရင်း ခလရ(၁၉)၊ ခြေမြန်တပ်ရင်း ခမရ(၃၄၀)၊ (၃၄၁)၊ (၄၃၄)တို့ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံးက ဖာပွန်မြို့နဲ့ သုံးမိုင်အကွာမှာ ရှိတဲ့ စဗခ(၁)ဗျူဟာကုန်းကို သွားရောက်ပူးပေါင်းလိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ လက်နက်ကြီးလေကြောင်းရမ်းသမ်းပစ် ခတ်မှု ကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့သလို နေအိမ်အဆောက်အဦတွေလည်း ထိခိုက် ပျက်စီး တာ ရှိတယ်လို့ ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဖာပွန်မြို့ကို ထိန်းချုပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကို DNA က ဆက်သွယ်မေးမြန်းထားပေမဲ့ တဖြေကြားပေးခြင်း မရှိသေးပါဘူး။

သူတို့က လက်နက်ကြီးကနေ လှမ်းပစ်တာ၊ တခါတခါ လေကြောင်းကနေ ပစ်တာတော့ ရှိနေတုန်း၊ စစ်ရေးက တင်းမာနေတုန်းပဲ လို့ အထက်ပါနီးစပ်သူက ပြောပါတယ်။

ထိုင်းနိုင်ငံနယ်စပ် ရွှေလီမြစ်ကမ်းအနီးမှာ ရှိတဲ့ ဖာပွန်မြို့မှာ ရပ်ကွက်လေးခု၊ ကျေးရွာခုနှစ်ခု ရှိပြီး လူဦးရေလေးသောင်းခြောက်ထောင်ကျော်ရှိတယ်လို့ ၂၀၁၄ ခုနှစ်မှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တနှစ်အကြာမှာ ဖာပွန်မြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံဌာန ဆိုင်ရာ ဝန်ထမ်းတွေ အမြန်ဆုံးထွက်ခွာကြဖို့ KNUဘက်က သတိပေးစာ ထုတ်ပြန်ပြီးနောက် ဖာပွန်မြို့ ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရာမရှိတော့ဘဲ မြို့ပေါ်မှာသာ စစ်ကောင်စီဘက်တပ်စွဲထားတာ ဖြစ်ပါ တယ်။

အဲဒီနောက်ပိုင်းမှာ ဖာပွန်မြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ မကြာမကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့ခံလူဦးရေအများစုကလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကာ လက်ရှိ ပြည်သူသုံးပုံတပုံသာ ကျန်တော့တယ်လို့ သိရပါတယ်။