နိုဝင်ဘာ၊ ၈
ဒါဇင်နဲ့ချီ များပြားတဲ့ ဒုံးကျည်တွေကို လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာ ပြောက်ကျားတွေက အစ္စရေး ပိုင်နက်ထဲ ပစ်ခတ်ခဲ့တာကြောင့် လက်တုံ့ပြန်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ပြောပါတယ်။
အစ္စရေးဟာ နိုင်ငံ တောင်ပိုင်းက ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ အကြီးအကျယ် စစ်ခင်း တိုက်ခိုက်နေရပြီး တချိန်တည်းမှာပဲ မြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ စစ်ရေး တင်းမာနေပါတယ်။
ဟက်ဇ်ဘိုလာတွေနဲ့ IDFကြား ဂါဇာစစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့သလို နိုဝင်ဘာ ၇ ရက်၊ ဂါဇာစစ်ပွဲ တလတိတိပြည့်တဲ့နေ့မှာ ဟက်ဇ်ဘိုလာတွေက အစ္စရေးပိုင် ဂိုလန်ကုန်းမြင့်နဲ့ ဂယ်လီလီ အထက်ပိုင်း ဧရိယာတွေဆီ ဒုံးကျည် အစင်း ၂၀ ထက်မနည်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
IDFကလည်း အဲဒီ တိုက်ခိုက်မှုတွေကို ချက်ချင်း လက်တုံ့ပြန်ပြီး လက်ဘနွန် ပိုင်နက်ထဲက ဒုံးကျည် ပစ်ခတ်ရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟက်ဇ်ဘိုလာတွေက နိုဝင်ဘာ ၇ ရက်နေ့မှာ အစ္စရေးဖက်ခြမ်းက IDF ခြေကုပ်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
နောက်ပြီး ဒရုန်းလို့ ယူဆရပြီး အတည်မပြုနိုင်တဲ့ အရာတခုကိုလည်း အစ္စရေး ပိုင်နက်ထဲ ဝင်မလာခင် လက်ဘနွန် လေပိုင်နက်ထဲမှာတင် IDFရဲ့ လေကြောင်းကာကွယ်ရေး ယူနစ်တွေက ကြားဖြတ် ပစ်ချခဲ့ပါတယ်။
လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ ဟက်ဇ်ဘိုလာ စခန်းတွေနဲ့ ရှူတလာ ဒေသနားကနေ တင့်ကားဖျက်ဒုံးနဲ့ လှမ်းပစ်တဲ့ စစ်သွေးကြွ တစုကိုလည်း ချေမှုန်းပစ်ခဲ့ပြီး ရန်သူ့ဖက်မှာ အသေအပျောက်တွေ ရှိခဲ့ကြောင်း IDFက ထုတ်ပြန်ခဲ့ပါတယ်။
Ref: Jerusalem Post