ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်ဖို့ အရုပ်သေနတ်ကိုင်ပြီး ဘဏ်ထဲမှာ ဝင်ပွဲကြမ်းခဲ့တဲ့ လက်ဘနွန် အမျိုးသမီး

Photo – LA Times

ကိုယ့်စုငွေကိုယ် ပြန်ထုတ်ယူခွင့်ရဖို့ ငြင်းဆန်ခံရတဲ့နောက် လက်ဘနွန်က အမျိုးသမီး တစ်ဦးဟာ အရုပ်သေနတ် တစ်လက်ကို ကိုင်ပြီး ဘဏ်ထဲကို ဝင်သောင်းကျန်းသွားခဲ့ပါတယ်။

 လက်ဘနွန်မှာ စီးပွားရေး ကျပ်တည်း ကျဆင်းမှုတွေကြောင့် အစိုးရက ပြည်သူတွေ အနေနဲ့ ဘဏ်အပ်ငွေကို အကန့်အသတ်နဲ့ ပြန်လည် ထုတ်ယူဖို့ ညွှန်ကြားထားပါတယ်။ ဆာလီ ဟာဖက်ဇ်က ကင်ဆာရောဂါသည် ညီမဖြစ်သူအတွက်​ ဆေးရုံစရိတ်တွေ ရှင်းပေးဖို့ အရေးတကြီး လိုအပ်လာချိန်မှာ ဒီလို ကန့်သတ်ချက်မျိုးကြောင့် အတော်ကြီး အကျပ်ရိုက်ခဲ့ကြောင်း ပြောပါတယ်။

 လက်ဘနွန် အာဏာပိုင်တွေက ငွေစုသူတွေ အနေနဲ့ လစဉ် အမေရိကန် ဒေါ်လာ ၂၀၀ လောက်နဲ့ ညီမျှတဲ့ လက်ဘနွန် ငွေသားကိုသာ ထုတ်ယူခွင့် ပြုထားပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ပိုက်ဆံကိုယ် ပြန်ထုတ်ဖို့တောင် အဆင်မပြေတဲ့ အခြေအနေကြီးအပေါ် သည်းမခံနိုင်တော့တဲ့ ဟာဖက်ဇ်က အရုပ်သေနတ် တစ်လက်ကို ကိုင်ဆွဲပြီး ဘေရွတ်မြို့တော်မှာ ရှိနေတဲ့ ဘဏ်ထဲကို ဝင်သွားခဲ့ပါတယ်။

 ဒီအမျိုးသမီးကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကပါ ဝန်းရံ ကာကွယ်ပေးခဲ့ပြီး ဘဏ်ခွဲ တာဝန်ရှိသူတွေ အနေနဲ့ ဒေါ်လာ ၁၂၀၀၀ လောက်နဲ့ ညီမျှတဲ့ အမျိုးသမီးရဲ့ ဘဏ်စုငွေတွေကို ပြန်ထုတ်ပေးဖို့ ဝိုင်းဝန်း ဖိအားပေးခဲ့ကြပါတယ်။ အမျိုးသမီးက သူဟာ လက်ထဲမှာ အရုပ် ပစ္စတို တစ်လက်ကို ကိုင်သွားခဲ့တာလို့ ဆိုပါတယ်။

 သူ့ရဲ့ အသက် ၂၃ နှစ်အရွယ် ညီမက ကင်ဆာရောဂါ ကုသဖို့ ငွေလိုနေချိန်မှာ ဘဏ်က ကိုယ်ပိုင်ငွေတွေ ပြန်ထုတ်လို့ မရတဲ့ အခြေအနေက ဆိုးရွားလွန်းတယ်လို့ ဟာဖက်ဇ်က ပြည်တွင်း မီဒီယာ တစ်ခုကို ပြောကြားသွားပါတယ်။ သူက အစောပိုင်းမှာ ဘဏ်ခွဲ မန်နေဂျာကို အကျိုးအကြောင်း ရှင်းပြပြီး ခခယယ တောင်းပန်ခဲ့ပေမယ့် လျစ်လျူရှု ခံခဲ့ရကြောင်း၊ တစ်ဖက်မှာလည်း ညီမက သေလုမျောပါး ဖြစ်နေပြီး အချိန်သိပ်မစောင့်နိုင်တော့တဲ့အတွက် ကြံမိကြံရာ လုပ်ခဲ့ကြောင်း ဟာဖက်ဇ်က ဖွင့်ဟပါတယ်။

 ဟာဖက်ဇ်က သူဟာ ဘဏ်ထဲမှာ ဒေါ်လာ ၂၀၀၀၀ လောက်စုထားတဲ့ထဲက ဒေါ်လာ ၁၂၀၀၀ ပြန်ထုတ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ သူဟာ ဘဏ်ကနေ ငွေမထုတ်ရသေးခင်မှာ ကိုယ်ပိုင် ပစ္စည်းတွေ အကုန်လုံးနီးပါး ရောင်းချခဲ့ရသလို ညီမရဲ့ အသက်ကိုကယ်ဖို့ လိုအပ်လာရင် ကျောက်ကပ်ပါ ထုတ်ရောင်းဖို့ထိ စဉ်းစားထာတယ်လို့ ဟာဖက်ဇ်က ဆိုပါတယ်။

 မျက်မြင်တစ်ယောက်က ဟာဖက်ဇ်တို့ အဖွဲ့ဟာ ဘဏ်ထဲဝင်လာပြီး နေရာအနှံ့မှာ ဓာတ်ဆီတွေ လိုက်လောင်းပြီး မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြကြောင်း၊ အမျိုးသမီးကလည်း မန်နေဂျာကို သေနတ်နဲ့ချိန်ပြီး ပိုက်ဆံ ထုတ်မပေးရင် ပစ်သတ်မယ်လို့ အော်ဟစ်နေခဲ့ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဟာဖက်ဇ်က Facebookပေါ် Live ဗီဒီယို ထုတ်လွှင့်ပြီး သူဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။ သူဟာ ကိုယ့်အခွင့်အရေးကိုယ် တိုက်ခိုက်ယူခဲ့ရုံသာ ဖြစ်တယ်လို့ ဟာဖက်ဇ်က ပြောပါတယ်။

 လက်ဘနွန်က လူမှုကွန်ရက် သုံးစွဲသူ တော်တော်များများကတော့ သူ့ရဲ့ လုပ်ရပ်ကို ချီးကျူးပြီး သူရဲကောင်း တစ်ယောက်လို ညွှန်းဆို ဂုဏ်ပြုနေကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဘဏ်ထဲကို လူစုလူဝေးနဲ့ ဝင်ရောက်ခဲ့သူ တချို့ကို ဖမ်းဆီးခဲ့ပြီး အရုပ်သေနတ်လို့ ယူဆရတဲ့ ပစ္စည်းကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဒီကိစ္စ နောက်ဆက်တွဲ ဘယ်လို အမှုအခင်းတွေ ကြုံမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

 မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း အစားအသောက် Delivery ပို့ဆောင်သူ တစ်ဦးဟာ​ ဘေရွတ်က ဘဏ်တစ်ခုကို ဝင်ရောက်စီးနင်းပြီး ဓားစာခံ ၁၀ ဦးကို ဖမ်းဆီးထားခဲ့ဖူးပါတယ်။ သူကလည်း ဘဏ်မှာ အပ်ထားတဲ့ ဒေါ်လာ သောင်းဂဏန်းလောက်ကို ပြန်ထုတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး လက်ဘနွန် လူထုရဲ့ ချီးကျူး အားပေးမှုကို ရရှိခဲ့ပါတယ်။

 လက်ဘနွန် နိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ပြည်တွင်းမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ ကြုံနေရပါတယ်။ အစိုးရက ဘဏ်စုငွေတွေကို ကန့်သတ် ထိန်းချုပ်ထားတာကြောင့်လည်း လက်ဘနွန် ပြည်သူတွေဟာ ကိုယ့်ငွေကိုယ် ဘဏ်က ပြန်ထုတ်ဖို့တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။