ကိုရီးယားအလုပ်အကိုင်အတွက် EPS-Topikစာမေးပွဲမှာ အမျိုးသမီးတွေကို ပထမဆုံးအကြိမ်ဖြေဆိုခွင့်ပြု

ဖေဖော်ဝါရီ ၊ ၁၃

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် ပြုလုပ်တဲ့ EPS-Topik ကိုရီးယားဘာသာ စာမေး ပွဲမှာ အမျိုးသမီးတွေကိုပထမဆုံးအကြိမ်ဝင်ရောက်ဖြေဆိုခွင့်ပေးမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)ကဒီနေ့ကြေညာပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မြန်မာလုပ်သားတွေကိုတိုးချဲ့ခေါ်ယူမှဖြစ်လို့ အခုနှစ် EPS-Topikစာမေးပွဲမှာ ကျား/မ မရွေးဝင်ရောက်ဖြေဆိုခွင့်ရရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။

“သတင်းကကြားနေတာကြာပြီ၊အခုမှအတည်ပြုတဲ့ကြေညာချက်ထွက်တာ၊သတင်းထွက်နေကတည်းက သင် တန်းကြိုတက်ထားတာ” လို့ကိုရီးယားဘာသာသင်တန်းတက်နေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ EPS-Topikစာမေးပွဲသက်တမ်းတလျှောက်မှာ အမျိုးသားတွေကိုသာဖြေဆိုခွင့်ပေးခဲ့ပြီး ဒီနှစ် ကျင်းပမယ့် ၁၆ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေးပွဲမှာတော့ ပထမဆုံးအကြိမ်အနေနဲ့ အမျိုးသမီးတွေကို ဖြေဆိုခွင့်ပေးမှာဖြစ်ပါတယ်။

ဒါပေမယ့်စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်အမျိုးသမီးတွေအနေနဲ့အခြေခံပညာအထက်တန်း(တက္ကသိုလ်ဝင်တန်း)အောင်မြင်ထားရမှာဖြစ်ပြီး အွန်လိုင်းကနေဖြေဆိုခွင့်လျှောက်ထားချိန်မှာ အထက်တန်းအောင်မြင်ပြီးမြောက် ကြောင်းလက်မှတ်တင်ပြရမယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

“ဒီနှစ်က အမျိုးသမီးတွေပါဖြေခွင့်ရလိုက်တော့စိတ်ဝင်စားမှုကပိုများတယ်။ ဒီကြေညာချက်ကိုစောင့်နေကြတာ” လို့ အဲ့ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ပြင်ဆင်​​နေတဲ့အသက်နှစ်ဆယ်အရွယ်အမျိုးသမီးတဦးကပြောပါတယ်။

ဒီနှစ်စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရတဲ့ အမျိုးသမီးတွေထဲက အောင်မြင်သူတွေဟာ တောင်ကိုရီးယားနိုင်ငံက ဝန် ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် ရွေးချယ်ခံနိုင်မှာဖြစ်ပြီး စာမေးပွဲအောင်မြင်နိုင်သူဦးရေ ၃၄၀၀ ဝန်း ကျင်ရှိနိုင်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)ကခန့်မှန်းဖော်ပြထားပါတယ်။

အမျိုးသမီးတွေဝင်ဖြေခွင့်ရမယ့် တန်ဆောင်မှုလုပ်ငန်းအပါအဝင် ဆောက်လုပ်ရေး၊စိုက်ပျိုးရေးနဲ့မွေးမြူရေး အ လုပ်အကိုင်တွေအတွက် EPS-Topikစာမေးပွဲမှာ အမှတ်(၉၀)ဖိုးဖြေဆိုရမှာဖြစ်ပြီး ၃၆မှတ်နဲ့အထက်ရရှိသူတွေက အမှတ်အနည်းအများအလိုက် အောင်မှတ်ရရှိမှာဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။

အဲဒီစာမေးပွဲ​ဖြေဆိုခွင့်လျှောက်လွှာတွေကို လာမယ့် မတ်လ ၄ရက်ကနေ ၁၀ရက်အထိအွန်လိုင်းကနေ ပထမ အ ဆင့် လက်ခံသွားမယ်လို့ POEAရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းနဲ့ကုန်ထုတ်လုပ်ငန်းအတွက်စာမေးပွဲကိုတော့ ဧပြီ၂၄ရက်ကနေမေလ၁၀ရက်အထိပြုလုပ်မှာ ဖြစ်ပြီးမေ၁၇မှာအောင်စာရင်းထုတ်ပေးသွားမယ်လို့အသိပေးထားပါတယ်။

စိုက်ပျိုးရေး/ မွေးမြူရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲကိုတော့ မေလ၂၀ရက်ကနေဇူလိုင်၂၆အထိပြု လုပ်မှာဖြစ်ပြီး သြဂုတ်၅ရက်မှာအောင်စာရင်းထွက်မယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက်ဒုတိယအဆင့်အခြေခံကျွမ်းကျင်မှုစာမေးပွဲတွေဆက်လက်ဖြေဆိုရမှာဖြစ်ပြီးအပြီးသတ်အောင်စာရင်းကို ဇွန်၂၁နဲ့စက်တင်ဘာ၂၀ရက်တို့မှာကြေညာသွားမယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ဖြေဆိုသူဦးရေအပေါ်မူတည်ပြီးအချိန်စာရင်းအပြောင်းအလဲရှိနိုင်သလို ဖြေဆိုမယ့်သူတွေအနေနဲ့လုပ်ငန်း အမျိုးအစားတခုတည်းကိုပဲရွေးချယ်ဖြေဆိုဖို့သတ်မှတ်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်မယ့်သူတွေဟာ EPS-Topikစာမေးပွဲအောင်ထားဖို့လိုတာကြောင့် အဲဒီစာမေးပွဲကိုနှစ်စဥ်ဝင်ရောက်ဖြေဆိုသူများလေ့ရှိပါတယ်။

အခုကြေညာချက်မထွက်ခင်ကတော့ တောင်ကိုရီးယားနိုင်ငံကရာသီချိန်လုပ်ငန်းခွင်တွေအတွက် မြန်မာနိုင်ငံ ကလုပ်သားစေလွှတ်ဖို့ရှိပြီး အမျိုးသမီးတွေလည်းပါဝင်တယ်ဆိုတာကြောင့် တောင်ကိုရီးယားကိုသွား ရောက် လုပ်ကိုင်သူတွေကြား လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြပြီး ငွေကြေးလိမ်လည်မှုတွေလည်းပေါ်ပေါက်ခဲ့ပါသေးတယ်။

EPS စာမေးပွဲဖြေဆိုခွင့်အတွက် လျှောက်လွှာတင်နေကြသူများ  ပုံဟောင်း