ပူတင်ရဲ့ မြောက်ကိုရီးယား အလည်အပတ် ခရီးစဉ်အတွက် နှစ်ဖက် ဆွေးနွေး ပြင်ဆင်နေ

ဇန်နဝါရီ၊ ၂၃

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မြောက်ကိုရီးယားကို သွားရောက် လည်ပတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပူတင်ဟာ ပြုံယမ်းကို အလည်အပတ် လာရောက်ပြီး နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းနဲ့ မကြာခင် တွေ့ဆုံ ဖြစ်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပူတင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက် ညှိနှိုင်းနေကြဆဲလို့ မှတ်ချက် ပေးထားပါတယ်။

ပူတင်က ကင်ရဲ့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ပြီး တတ်နိုင်သမျှ အစောဆုံး လာရောက်လည်ပတ်နိုင်အောင် စီစဉ်နေပါတယ်လို့ အကြောင်းပြန်ထားကြောင်း ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဆိုဗီယက် ပြည်ထောင်စုနဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် ခေတ်သစ် ရုရှားနိုင်ငံနဲ့တော့ သိပ်ပြီး ဒွေးရောယှက်တင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်က ရုရှားနိုင်ငံကို ရက်အတော်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့နောက်ပိုင်း နှစ်ဖက် ဆက်ဆံရေးက ပိုမို နွေးထွေးလာပါတယ်။

လေ့လာသူတွေကတော့ ရုရှားဟာ ယူကရိန်း စစ်ပွဲအတွက် မြောက်ကိုရီးယားဆီက စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ လိုအပ်သလို မြောက်ကိုရီးယားကလည်း ရုရှားဆီက သိပ္ပံနဲ့ နည်းပညာ အကူအညီတွေကို မျှော်လင့်နေတာကြောင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို အရှိန်မြင့်တက်လာနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

အမေရိကန်ကတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေး ပူးပေါင်းမှုတွေ အရှိန်အဟုန် မြှင့်တင်လာနိုင်တာနဲ့ ပတ်သက်လို့ ဒေသတွင်းသာမက နိုင်ငံတကာ ငြိမ်းချမ်းရေး ကဏ္ဍကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ဒီအတောအတွင်း ယူကရိန်း စစ်ထောက်လှမ်းရေးကလည်း စစ်မြေပြင်မှာ ရုရှားတပ်တွေ အသုံးပြု တိုက်ခိုက်နေတဲ့ ဒုံးကျည်တွေမှာ မြောက်ကိုရီးယားလုပ် အမျိုးအစားလို့ ယူဆရတာတွေ ပိုမို တွေ့မြင်လာနေရပြီး ရုရှားဟာ စစ်လက်နက် ကဏ္ဍမှာ မြောက်ကိုရီးယားအပေါ် ကြီးကြီးမားမား မှီခိုနေရဟန်ရှိကြောင်း မှတ်ချက်ပေး ပြောကြားထားခဲ့ပါတယ်။

 

Ref: CNN