လာအိုမှာ မြန်မာလုပ်သားအများအပြားအလုပ်မရဘဲအခက်တွေ့နေ

ဇန်နဝါရီ ၊ ၂၁

အရှေ့တောင်အာရှမှာဖွံဖြိုးမှုနည်းပါးတဲ့လာအိုနိိုင်ငံမှာအလုပ်လုပ်ဖို့ပြည်ပအလုပ်အကိုင်ပွဲစားတွေနဲ့ချိတ်ဆက်သွားရောက်တဲ့မြန်မာနိုင်ငံသားအများအပြားဟာအလုပ်မရဘဲ အခက်တွေ့နေကြတယ်လို့ ကာယကံရှင်တချို့ဆီကသိရပါတယ် ။

မြန်မာလုပ်သားတွေကို လာအိုနိုင်ငံကို တရားဝင်စေလွှတ်ခွင့်မရသေးပေမယ့် ပွဲစားတွေက အလုပ်ရမယ်ဆိုပြီး ပို့ဆောင်ပေးနေတာတွေရှိနေတာလို့ လက်ရှိအဲဒီနိုင်ငံကိုရောက်နေတဲ့ မြန်မာနိူင်ငံသားတဦးကဆိုပါတယ်။

“ပွဲစားကပို့ပြီးတာနဲ့အဆက်သွယ်မရတော့ဘူး။ ရောက်နေတာ တလကျော်ပြီ။အလုပ်မရသေးလို့ ကိုယ့်ဘာသာအလုပ်ရှာနေရတယ်”လို့ အဲဒီသူကပြောပါတယ်။

ပွဲစားတွေက ဂိမ်းဆိုင်နဲ့ စက်ရုံ၊ဆောက်လုပ်ရေးတွေမှာတလကျပ်သိန်း နှစ်ဆယ်နီးပါးနဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အလုပ်သမားတဦးကိုအနည်းဆုံးကျပ်ငါးသိန်းကနေ ကျပ်သိန်း နှစ်ဆယ် လောက်အထိတောင်းပြီးပို့ပေးနေတာလို့ မြန်မာလုပ်သားတွေကဆိုပါတယ်။

ဒါပေမယ့် တကယ့်လုပ်ရတဲ့အလုပ်တွေမှာဆိုရင် ပုံမှန်အားဖြင့် ဒေါ်လာ ၂၅၀(မြန်မာငွေ ၈၅၀,ဝဝဝေ)လာက်သာရရှိတတ်ကြပြီး အဲဒီလိုအလုပ်ရဖို့တောင်ခက်ခက်ခဲခဲ ရှာရတယ်လို့ သူတို့ကပြောပါတယ်။

“အခုဆိုအလုပ်ခေါ်တဲ့နေရာတွေမှာဆို မြန်မာတွေသွားပုံနေတယ်။အလုပ်မရှိပဲသောင်တင်နေတဲ့သူတွေမနည်းဘူး။မေးလိုက်ရင် ပွဲစားကိုယုံပြီးရောက်လာတဲ့သူတွေကြီးပဲ”လို့ ကိုယ်တိုင်အလုပ်ရှာနေသူတဦးကပြောပါတယ်။

လာအိုနိုင်ငံရှိ အလုပ်သမားခေါ်တဲ့ရုံးတခုရှေ့မှာ အလုပ်လာလျှောက်တဲ့မြန်မာနိူင်ငံသားအများအပြားစုဝေးစောင့်ဆိုင်းနေကြတဲ့ဗီဒီယိုဖိုင်တခုမှာ ပြည်ပအလုပ်သမားတွေစုဝေးရာလူမှုကွန်ရက်ဂရုတွေမှာပြန့်နှံ့နေပြီး ရောက်နှင့်ပြီးသားမြန်မာနိူင်ငံသားတွေကနောက်လူတွေထပ်မလာကြဖို့ သတိပေးပြောဆိုမူတွေရှိနေပါတယ်။

လာအိုနိုင်ငံမှာ တရုတ်နိူင်ငံသားပိုင်လုပ်ငန်းတွေအများအပြားရှိနေပြီး နိိုင်ငံခြားသားခေါ်ယူခန့်ထားမူတွေရှိပေမယ့် မြန်မာနိုင်ငံသားတွေအတွက်အခွင့်အရေးပေးမှုနည်းတယ်လို့ အလုပ်သမားတွေဆီကသိရပါတယ်။

လာအိုနိိုင်ငံဆီမြန်မာနိူင်ငံသားတွေတရားမဝင်သွားရောက်လုပ်ကိုင်တာဟာ အရင်ကတည်းရှိခဲ့ပေမယ့် ကိုဗစ်အလွန်စစ်အာဏာသိမ်းကာလမှာတော့ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အကျိုးဆက်ကြောင့် အဆမတန်များလာနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတွေကဆိုပါတယ်။

လက်ရှိမှာ လာအိုကို အလုပ်သမားစေလွှတ်ခွင့်တရားဝင်ခွင့်ပြုထားတာမရှိသေးပေမယ့် တရားဝင်လုပ်သားစနစ်အကောင်အထည်ဖော်ဖို့ စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီးက လာအိုအလုပ်သမားဝန်ကြီးဌာနနဲ့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကညှိနှိုင်းဆွေးနွေးတာရှိခဲ့ပါတယ်။