စစ်တွေက အမြှောက်တပ် ပေါက်ကွဲမှုဖြစ်လို့ စစ်သားနှစ်ဦးသေ၊ ရှစ်ဦးထက်မနည်းဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၃

တိုက်ပွဲဖြစ်နေတဲ့ ပေါက်တောမြို့နဲ့ အနီးတဝိုက်ဆီ လှမ်းပစ်နေတဲ့ စစ်တွေမြို့ရှိအမြှောက်စခန်းထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး  စစ်ကောင်စီတပ်သား နှစ်ဦးသေကာ ရှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လက်နက်ကြီးအထိုင်စခန်းချကာ စစ်ကောင်စီတပ်သားတွေ နေရာယူထားတဲ့ အမှတ်(၁၂)ရဲတပ်ရင်းထဲ  မနေ့က နိုဝင်ဘာ ၂၂ ရက်၊  ညနေ ငါးနာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“လက်နက်ကြီးက အပြင်ကိုမထွက်ဘဲ အထဲမှာပဲ ပေါက်သွားတာ။ ပြောင်းကွဲတာလား၊ ဘာလားတော့ သေချာမသိရဘူး။ ကွဲသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ အဲဒီကောင်တွေ ထိသွားလို့ ဆေးရုံပို့တာကို တွေ့တယ်”လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စစ်တွေမြို့ခံ တဦးက DNA ကို ပြောပါတယ်။

တပ်ရင်းထဲ လက်နက်ကြီးပေါက်ကွဲလို့ ထိခိုက်၊ သေဆုံးသူတွေကို စစ်ကောင်စီတပ်ဆေးရုံဆီ ကားနဲ့ သယ်သွားခဲ့တယ်လို့ ကိုယ်တိုင်တွေ့လိုက်ရသူတွေက ပြောပါတယ်။

မိနစ်ပိုင်းသာခြားပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေစဉ် ပေါက်ကွဲသံ ထွက်လာခဲ့တာဖြစ်ပြီး ပေါက်ကွဲသံ ကြားပြီးနောက်မှာတော့ အဲဒီတပ်ရင်းထဲက လက်နက်ကြီးပစ်သံ ဆက်မကြားရတော့ဘူးလို့ စစ်တွေမြို့ခံတွေက ပြောကြပါတယ်။

“အဲဒီနေရာက တညလုံး အသံမထွက်ဘူး။ တခြားတပ်ရင်းဘက်ကပဲ ကြားရတယ်။ ဒီမနက်မှာကျတော့ အဲဒီစခန်းကပဲ ထပ်ပစ်နေတယ်”လို့ စစ်ကောင်စီတပ်အနီး ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်တိုက်ပွဲတွေ ပြန်စပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းသို့ လက်နက်ကြီးတွေ ရွေ့ပြောင်း၊ အထိုင်ချကာ ရဲတပ်ရင်းထဲ စစ်ကောင်စီ တပ်သားတွေပါ နေရာယူခဲ့တာလို့ နီးစပ်သူတွေက ပြောကြပါတယ်။

ပေါက်တောမြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက်မှာ အဲဒီတပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ခတ်နေခဲ့ကာ တပ်ရင်းတခုတည်းက‌နေ တရက်တည်းမှာ လက်နက်ကြီး အချက်ပေါင်း တရာနီးပါးထိ ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကစခဲ့တဲ့ ရခိုင်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်ရရှိထားပြီး လက်နက်ချ အညံ့ချသူ တရာကျော်အထိ ရှိပြီလို့ AA အပါအဝင် နီးစပ်သူတွေက ပြောကြပါတယ်။

လက်ရှိမှာ ပေါက်တောမြို့ပေါ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်အပါအဝင် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်တွင်း တပ်စခန်းတွေ လက်လွှတ်၊ သိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေအပြင် တိုက်ပွဲဧရိယာနဲ့ ဝေးရာ လူနေရပ်ကွက်၊ ကျေးရွာတွေဆီ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်နေပြီး အရပ်သားထိခိုက်မှုတွေလည်း အများအပြား ရှိနေပါတယ်။

လက်ရှိရခိုင်တိုက်ပွဲဆယ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူ နှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ငါးဆယ်ကျော်အထိ ရှိလာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်ကို စုစည်းထားတဲ့ DNA ရဲ့ အချက်အလက်တွေအရ အတည်ပြုနိုင်ပါတယ်။