မုဒုံရဲစခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရလို့ အမျိုးသမီးတဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁၉
 
မွန်ပြည်နယ်၊ မုဒုံမြို့မရဲစခန်း ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အမျိုးသမီးတဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေထံကနေ သိရပါတယ်။
 
“ Jammar တပ်ထားတာ ရှိတယ်။ အခု ဈေးလိုင်းခန်းဘက်ကို ကျတာ၊ အိပ်နေတဲ့ ရဲတဦး ထိတယ်။ ဝန်ထမ်း မိသားစု တဦးထိ သွားတာ။ ကွဲတော့ သစ်သားတွေ အဲဒါတွေကျလို့ ထိတာလည်း ပါတာပေါ့ ” လို့ မုဒုံမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
အမည်မသိအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်လို့ ဝန်ထမ်းအိမ်ယာ ဈေးလိုင်းခန်း ခေါင်မိုး အပေါ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ရဲတပ်သားတဦး ခြေလက်တွေမှာ ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဝန်ထမ်းမိသားစုဝင် အမျိုးသမီးတဦးရဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဆေးရုံမှာ၊ ဘာမှ မဖြစ်ပါဘူး။ ခေါင်းကွဲ ချုပ်လိုက်ရတယ်။ ရဲတပ်သားလည်း နည်းနည်းပါပဲ။ သူက ဆေးရုံတောင် မသွားရဘူး ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ စစ်တပ်ထောက်ခံ တယ်လီဂရမ်မှာတော့ KNU နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လုပ်ဆောင်ခဲ့တာလို့ ဝါဒဖြန့်ထားပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မော်လမြိုင်ခရိုင်တလျှောက်မှာ လှုပ်ရှားနေတဲ့ ဒရုန်းတပ်ဖွဲ့တွေကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
 
မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့အဝင်အထွက်နဲ့ နေရာအနှံ့ကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
 
မုဒုံမြို့နယ်၊ ကမာဝက်မြို့ အထက်တန်းကျောင်း အနီးမှာ အခုနှစ် ဇွန်လ ၂၂ ရက်၊ ညနေ ၃ နာရီခန့်က လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် အဖွဲ့ဝင်တဦး သေဆုံးကာ တဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media