လွိုင်ကော်စစ်မြေပြင်ကနေ INGO ဝန်ထမ်းနဲ့မိသားစုဝင် နှစ်ရာကျော် ထွက်ခွာနိုင်ရေး စီမံပေးခဲ့တယ်လို့ အသိပေး

နိုဝင်ဘာ၊ ၁၈

မြို့ပေါ်အထိ တိုက်ပွဲတွေပြင်းထန်နေချိန် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ကုလအဖွဲ့အစည်း တွေအပါအဝင် အစိုးရမဟုတ်တဲ့ နိုင် ငံတကာအဖွဲ့အစည်း (INGOs)တွေက ဝန်ထမ်းတွေနဲ့မိသားစုဝင် ၂၂၈ဦး ဘေး လွတ်ရာရွှေ့ပြောင်းနိုင်ရေး ညှိနှိုင်း စီမံပေးခဲ့တယ်လို့ NUGနဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)တို့က ဒီကနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

အဲ့ဒီ INGOs ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ဖို့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို လျှော့ချစီစဉ်ပေးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ကရင်နီတပ်ပေါင်းစုစစ်ဆင်ရေးမှူးတွေ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင် နီပြည်ကြား ကာလအုပ် ချုပ်ရေးကောင်စီ(IEC)တို့ကြား ညှိနှိုင်းစီစဉ်ပေးခဲ့တာကြောင့် လွိုင်ကော်မြို့အခြေစိုက် ကုလဝန်ထမ်းတွေနဲ့ INGOs ဝန်ထမ်း၊မိသားစုဝင်တွေဟာ တောင်ကြီးမြို့ကို ဘေးကင်းကင်းရွှေ့ပြောင်း နိုင်ခဲ့ တယ်လို့ဆိုပါတယ်။

ဒီလို နိုင်ငံတကာ အဖွဲ့အစည်းတွေကဝန်ထမ်းတွေအနေနဲ့ဘေးကင်းကင်း ထွက်ခွာနိုင်ခဲ့ကြပေမယ့် လွိုင်ကော်မြို့ ခံပြည်သူတချို့ကတော့ လက်ရှိအထိမြို့တွင်းမှာပိတ်မိကာ  အန္တရာယ်ဇုန်ထဲဆက်ရှိနေကြသလိုဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် သုံးသောင်းခွဲကျော်အတွက်လည်း အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ NUG နဲ့ IEC တို့ကအသိပေးထားပါတယ်။

ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေအတွက် ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ နယ် စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်တွေ လက်တွေ့အကောင်အထည်ဖော်ဖို့လိုအပ်နေတယ်လို့လည်း အ ထက်ပါ ပူးတွဲထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။

စစ်ကောင်စီအနေနဲ့လည်း လွိုင်ကော်မြို့တွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ထွက်ခွာခွင့်ပေးဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့မှာ အခုလ ၁၁ရက်ကစလို့ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေတိုက်ပွဲ ဖြစ်နေတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေထဲအထိ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းသုံးတိုက်ခိုက်မှု တွေရှိနေ တာပါ။

အဲ့ဒီတိုက်ပွဲစတင်ပြီးနောက် တပတ်အတွင်း လွိုင်ကော်မြို့ရှိလူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူလေး သောင်းကျော်လောက် မြို့ကိုစွန့်ခွာသွားတယ်လို့ ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ (KHAI)ကပြောထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေအထဲထိပါ လေကြောင်း တိုက် ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ခြောက်ရက်အတွင်း သေဆုံးသူအရပ် သားလည်း ငါးဆယ်ဝန်းကျင်အထိရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေကဆိုထားပါတယ်။