ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဟောင်း လိုက်ဘေးရီးယား သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်

နိုဝင်ဘာ၊ ၁၈

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဘဝကနေ လိုက်ဘေးရီးယား သမ္မတ ဖြစ်လာသူ ဂျော့ဂျ်ဝီယာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အတိုက်အခံခေါင်းဆောင် ဂျိုးဆက် ဘိုအာကိုင်ကို အရေးနိမ့်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

 သူတာဝန်ယူခဲ့တဲ့ သက်တမ်းမှာ လိုက်ဘေးရီးယား အစိုးရဟာ အဂတိ စွပ်စွဲချက်တွေနဲ့ အတော်လေး နာမည်ပျက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဝီယာဟာ မဲအရေအတွက် ၄၉.၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး အသက် ၇၈ နှစ်အရွယ် ဘိုအာကိုင်က ၅၀.၉ ရာခိုင်နှုန်းနဲ့ ကပ်အနိုင်ရခဲ့တာပါ။

 ဝီယာက သူဟာ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အစိုးရသစ်ဆီ ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းပေးရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သမိုင်းကြောင်းအရ နိုင်ငံရေးမှာ ထိလွယ်ရှလွယ် ရှိလွန်းတဲ့ အာဖရိက နိုင်ငံမှာ ဝီယာက အရှုံးကို အသာတကြည် လက်ခံပြီး အာဏာလွှဲပေးဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်လို့တော့ ချီးကျူးခံနေရပါတယ်။

၂၀၁၇ ရွေးကောက်ပွဲတုန်းကလည်း သူတို့နှစ်ဦး ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြဖူးပြီး အဲဒီတုန်းက ဘိုအာကိုင်ကို ဝီယာက လူထု ထောက်ခံမဲ ၆၂ ရာခိုင်နှုန်းနဲ့ အသာစီး ရခဲ့ပါတယ်။ ဒါပေမဲ့ ဝီယာရဲ့ ရွေးကောက်ပွဲ ကတိ အများစုဟာ လက်တွေ့မှာ ရုပ်လုံးမပေါ်ခဲ့ဘဲ လိုက်ဘေးရီးယားဟာ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ ပြဿနာ၊ စားနပ်ရိက္ခာ မဖူလုံမှု၊ စွမ်းအင် အကျပ်အတည်းစတဲ့ စိန်ခေါ်မှုတွေက ဆက်လက် တည်တံ့နေခဲ့ပါတယ်။

သိပ်မကြာခင်ကပဲ သူဟာ ဘိုအာကိုင်နဲ့ ဖုန်းပြောဖြစ်ခဲ့ကြောင်း၊ သူ့ရဲ့ အောင်ပွဲအတွက် ဂုဏ်ပြုစကား ပြောခဲ့ကြောင်း ဝီယာက ဆိုပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို စံနမူနာယူပြီး အားလုံးကလည်း ရွေးကောက်ပွဲ ရလဒ်ကို ငြိမ်းငြိမ်းချမ်းချမ်း လက်ခံစေလိုကြောင်းလည်း ဝီယာက​ ပြောကြားသွားပါတယ်။

အသက် ၅၇ နှစ် ရှိပြီဖြစ်တဲ့ ဝီယာဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝတုန်းက နိုင်ငံရဲ့ သူရဲကောင်းတဦး ဖြစ်ခဲ့ဖူးပေမယ့် သမ္မတ အနေနဲ့တော့ လုံလောက်တဲ့ စွမ်းဆောင်မှုတွေ မပြသနိုင်ခဲ့ဘူးလို့ နိုင်ငံသား အများအပြားက ယူဆနေပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အာဖရိက အခြေစိုက် ကစားသမားတွေထဲမှာ အဲဒီဆုကို ရဖူးတဲ့ တဦးတည်းသော ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။