အိန္ဒိယဖက် ထွက်ပြေးခဲ့တဲ့ မြန်မာစစ်သား လေးဆယ်နီးပါးကို ပြန်ပို့

နိုဝင်ဘာ၊ ၁၅

တိုက်ပွဲတွေအတွင်း နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးလာတဲ့ မြန်မာ စစ်သား ၄၀ ဝန်းကျင်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တို့က အခြေစိုက် စခန်းတွေကို ပူးပေါင်း တိုက်ခိုက်လာမှုကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၄၃ ယောက်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ဒေသထဲကို ထွက်ပြေးခဲ့ကြပြီး ဒေသခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပါတယ်။

အဲဒီ ၄၃ ယောက်ထဲက စစ်သား ၃၉ ယောက်ကို ရဟတ်ယာဉ် နှစ်စီးနဲ့ တင်ဆောင်ပြီး မြန်မာစစ်တပ် အာဏာပိုင်တွေဆီ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ အိန္ဒိယ စစ်ဘက် တာ​ဝန်ရှိသူ တဦးက ပြောပါတယ်။

မဏိပူရမှာရှိတဲ့ ချမ်ဖိုင်မြို့ကနေ မြန်မာစစ်သားတွေကို တင်ဆောင်ပြီး မဏိပူရ ပြည်နယ်ထဲက မိုရားမြို့ဆီ ပို့ဆောင်ခဲ့ကြောင်း၊ အဲဒီကနေတဆင့် နယ်စပ်ချင်း ထိစပ်နေရာ စစ်ကိုင်းတိုင်း ဒေသကြီးက တမူးမြို့နယ်ဖက်ကို စစ်သားတွေ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း အဲဒီ အရာရှိက အတည်ပြုပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် မြန်မာစစ်သား အနည်းဆုံး နှစ်ဦးလောက်လည်း နယ်စပ် ဖြတ်ကျော်လာပြီး သူတို့ကိုပါ ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယဖက်က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာစစ်သားတွေကို အာဏာသိမ်း စစ်တပ်ဆီ ပြန်ပို့မယ့် ကိစ္စကို သတင်းကြားတဲ့ အချိန် စစ်သားတွေကို ထိန်းသိမ်းထားတာ ရဲစခန်းရှေ့မှာ မြန်မာ စစ်ရှောင်တွေ စုဝေး ဆန္ဒပြခဲ့သေးတယ်လို့လည်း ရဲတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ကာလနောက်ပိုင်း နေရာအနှံ့ ဒီမိုကရေစီရေး ခုခံစစ်ပွဲတွေ ပေါ်ပေါက်လာပြီး အောက်တိုဘာ လကုန်ပိုင်းကစလို့ ဒေသအသီးသီးမှာ စစ်တပ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်မှာလည်း ချင်းတိုင်းရင်းသား တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာစစ်တပ် အထိနာပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ အခြေအနေတွေထိ ကြုံတွေ့လာခဲ့တာပါ။

တဖက်မှာလည်း နယ်စပ်နားက တိုက်ပွဲတွေကြောင့် မြန်မာဖက်က ဝင်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးပွားလာတာကို အိန္ဒိယ အာဏာပိုင်တွေ အနေနဲ့ ခေါင်းစားနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မီဇိုရမ် ပြည်နယ်ဆီ ထွက်ပြေးလာတဲ့ မြန်မာ စစ်ရှောင် ၁၅၀၀ ကျော်ထိ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မီဇိုရမ်ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် စုစုပေါင်း ၃၅၀၀၀ ကျော်ကို လက်ခံ နေရာချထားပေးပြီး ဖြစ်ပါတယ်။

 

Ref: The Hindu