မင်းတပ်မှာ ရွာမီးရှို့တဲ့စစ်တပ်နဲ့ CDF တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကြောင်း ထိုးပြီး ရွာမီးရှို့ခဲ့တဲ့ စစ်တပ်နဲ့ဒေသခံ ကာကွယ်ရေး တပ် CDF – MINDAT တို့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ CDF – MINDAT ကထုတ်ပြန်ပါတယ်။

ထီးလင်းနယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၅၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ CDF – MINDAT တို့ မင်းတပ်မြို့နယ် ဝီလူးရွာသစ် မှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 CDF – မင်းတပ်ဘက်ကလည်း တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၈ ရက်နေ့က ဝီလူးရွာသစ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ကြောင့် ကျေးရွာကနေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ နီးစပ်ရာဒေသခံတွေ ဆီက သိရပါတယ်။

 စစ်ကောင်စီဟာ ခုရက်ပိုင်းအတွင်းမှာပဲ မင်းတပ်မြို့နယ်ထဲကို စစ်ကြောင်းထိုးပြိး ဖုန်းလိုင်း တွေကို ဖြတ်တောက်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကြောင်းနှစ်ခွဲပြီး လှည့်လည်လှုပ်ရှားနေသလို လေကြောင်းက ကင်းထောက်တာ၊တိုက်လေယာဥ်တွေပျံသန်းနေတာတွေလည်း အဆက်မပြတ်လုပ်နေတယ်လို့ CDF မင်းတပ်က ဆိုပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ တောင်ယာလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း လုပ်ပိုင်မှုတွေကို ခေတ္တရပ်ဆိုင်းထားဖို့လည်း CDF မင်းတပ်က သတိပေးထားပါတယ်။

“ မနေ့က သူတို့ဝီလူးရွာကိုမီးရှို့တာ နေအိမ်သုံးလုံးလောင်တယ်၊နယ်မြေရှင်းလင်းရေးကိုတော့ သူတို့ CDF တွေလုပ်ကြမှာပါ၊အဲ့ဒီစစ်ကြောင်းက ခုထီးလင်းမြို့နယ် ထလင်းဘက်ကိုရောက်နေပြီ” လို့ ထီးလင်းမြို့အခြေစိုက်YRAတပ်ဖွဲ့ စစ်ဦးစီးသခင်ဇော်ကပြောပါတယ်။ 

မင်းတပ်မြို့နယ် ဝီလူးရွာသစ်မှာ ဒေသခံကာ ကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားပြီး ထီးလင်းမြို့နယ်ထဲပြန်ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ထမ်းစင်နဲ့ထမ်းလာတဲ့ ဒဏ်ရာရ သူတဦးပါဝင်တယ်လို့ ထီးလင်းဒေသခံတွေဆီကသိရပါတယ်။