အမေရိကန်ရဲ့ နောက်ဆုံးပေါ် ဗုံးကြဲလေယာဉ်သစ် ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ် ပျံသန်း

နိုဝင်ဘာ၊ ၁၃

အမေရိကန် လေတပ်ရဲ့ နောက်ဆုံးထုတ် အဆင့်မြင့် ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-21 Raiderရဲ့ စမ်းသပ်ပျံသန်းမှု မှတ်တမ်း ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Northrop Grumman ကုမ္ပဏီက တာဝန်ယူ တည်ဆောက်တဲ့ B-21ဟာ အမေရိကန်က နှစ်ပေါင်း ၃၀ နီးပါးအတွင်း ပထမဆုံး အသစ်မိတ်ဆက်လာတဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ် ဖြစ်ပါတယ်။ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်ပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ B-21ဟာ လက်ရှိ အမေရိကန် လေတပ်က သုံးစွဲနေတဲ့ B-2 Spirit ဗုံးကြဲလေယာဉ်တွေထက် နည်းပညာပိုင်းရော၊ စွမ်းဆောင်ရည်ပိုင်းပါ အပြတ်အသတ် သာလွန်တယ်လို့ ကုမ္ပဏီက ကြွေးကြော်ထားပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ လေတပ်ဟာ B-21ကို စတင် မိတ်ဆက်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ကယ်လီဖိုးနီးယားမှာ ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ B-21တွေကို ကယ်လီဖိုးနီးယားက ပမ်းလ်ဒေးလ်မှာ အခြေစိုက်ထားပြီး စမ်းသပ်မှုတွေ၊ နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေကို အမေရိကန် လေတပ်က အစဉ်တစိုက် ဆက်လက် လုပ်ဆောင်နေပါတယ်။ 

လေတပ်ဟာ ခန့်မှန်းခြေ တစီးကို ဒေါ်လာ သန်း ၇၀၀ လောက် ကျသင့်မယ့် B-21 အစီးရေ စုစုပေါင်း ၁၀၀ လောက်ထိ ဝယ်ယူ ဖြည့်တင်းဖို့ ရည်ရွယ်ထားပါတယ်။ B-21ဟာ နောင်တော်ကြီး B-2လိုပဲ ပြားချပ်တဲ့ ကိုယ်ထည်မျိုး တည်ဆောက်ထားပြီး ရေဒါလှိုင်းတွေကို ပိုမို စုပ်ယူ ဖယ်ရှားနိုင်တဲ့ နည်းပညာတွေ အသုံးပြုထားပါတယ်။ Northrop Grummanက အနာဂတ်မှာ B-21တွေကို လူတွေ ထိန်းချုပ် မောင်းနှင်တဲ့ ဗုံးကြဲလေယာဉ်တွေ အနေနဲ့ရော၊ ဒရုန်းတွေ အဖြစ်ပါ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လေယာဉ်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ အမေရိကန် လေတပ်ရော၊ ကုမ္ပဏီကပါ လုံးဝ အသေးစိတ် မထုတ်ပြန်ဘဲ အထူးလျှို့ဝှက်ထားပါတယ်။ B-21ကို မိတ်ဆက်ချိန်တုန်းကတော့ အမေရိကန် လေတပ်က ဒီလေယာဉ်ဟာ ၂၁ ရာစုမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပထမဆုံး အသစ်မိတ်ဆက်တဲ့ ဗုံးကြဲလေယာဉ် ဖြစ်သလို စစ်သုံးလေယာဉ်တွေထဲမှာ ပထမဆုံး ဆဋ္ဌမမျိုးဆက် စံနှုန်းမီ နည်းပညာတွေ ပါဝင်တဲ့ အမျိုးအစားလို့လည်း ညွှန်းဆိုခဲ့ဖူးပါတယ်။

 

Ref: Reuters