တီးတိန်မြို့မှာ မိုင်းမတော်တဆမှုကြောင့် ကားတစီးပေါက်ကွဲပြီး လူသေဆုံးမှုရှိ

နိုဝင်ဘာ၊ ၈
 
ချင်းပြည်နယ်၊ တီးတိန်မြို့၊ လွယ်ဘွားလ် (Lawi Bual) ရပ်ကွက်၊ အထက (၂) လမ်းခွဲအနီးမှာ နိုဝင်ဘာ ၇ ရက်၊ ည ၇ နာရီထိုးခါနီးအချိန် မိုင်းမတော်တဆမှုကြောင့် ကားတစီး ပေါက်ကွဲခဲ့ပြီး လူသေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ကားထဲမှာပါခဲ့တဲ့ မိုင်း ပေါက်ကွဲတာပါ။ လူမပြောနဲ့ ကားတောင် တစစီဖြစ်သွားတာ။ ကားထဲပါတဲ့ လူတယောက်လိုလို၊ နှစ်ယောက်လိုလို ပြောကြတယ်။ တစစီဖြစ်သွားပြီဆိုတော့ မသိနိုင်တော့ဘူး ” လို့ တီးတိန်မြို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီကားဟာ Surf ကားအမျိုးအစားဖြစ်ပြီး ကားပေါက်ကွဲမှုကြောင့် အနီးအနားက ဆိုင်ကယ်တစ်စီးနဲ့ နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
လူသွားလူလာရှင်းတဲ့အချိန်မှာ ဖြစ်ပွားတာမို့ တခြားသူတွေကို ထိခိုက်တာမရှိဘူးလို့လည်း သိရပါတယ်။
 
ချင်းပြည်နယ်သတင်းတွေကို ဖော်ပြနေတဲ့ Zalen မီဒီယာကတော့ ကားပေါက်ကွဲမှုအတွင်း တီးတိန်အခြေစိုက် PDA (People Defence Army) ရဲဘော်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကားပေါက်ကွဲမှု ဖြစ်ပွားတဲ့ မနေ့က ညဦးပိုင်းကနေ ဒီကနေ့မနက်ပိုင်းအထိ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာကို စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်တာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – CJ