ထန်တလန်ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ဝါဒဖြန့်မှုသာဖြစ်လို့တုံ့ပြန်

အောက်တိုဘာ၊ ၃၀

ချင်းပြည်နယ်၊ထန်တလန်မြို့တွင်းကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ လုံးဝသတင်းမှားဖြစ်ပြီး မြို့တွင်းမှာ နဂိုအတိုင်း တပ်စွဲခြေကုပ်ထားဆဲဖြစ်သလို တိုက်ပွဲမဖြစ်တာ လည်း တလနီးပါးရှိပြီလို့ ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်လိုက်ပါတယ်။

ထန်တလန်မြို့တွင်း နေရာယူထားတဲ့ CNF ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့မှာ ထန်တလန်မြို့ကို အောင်မြင်စွာ ထိမ်းချုပ်နိုင်ပြီဖြစ်ကာ CNF နဲ့ CDF တို့ ထွက်ပြေးသွားခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ထားတာပါ။

“လုံးဝ မဟုတ်တဲ့သတင်းတွေပဲ၊ သူတို့က လိမ်နေတာဖြစ်ပါတယ်။  သူတို့အဲသလို သတင်းလိမ်တွေပြောနေတာက ဆိုက်ဝါးတစ်ခုအနေနဲ့ ပြည်သူကို လှည့်စားနေတာပဲဖြစ်တယ်” လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက DNA ကို ပြောပါတယ်။

ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ အရှုံးကြီး ရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဝေဝါးသွားအောင် လှည့်စားဖို့ ကြိုးစားတာဖြစ်ပြီး ယုံနိုင်စရာမရှိတဲ့ ဟာသတခု လို ဖြစ်နေတယ်လို့လည်း ၎င်းက ဆိုပါတယ်။

“သူတို့ရဲ့ အထက်လူကြီးတွေဆီမှာ ကျွန်တော်တို့ စစ်ပွဲနိုင်နေပါတယ်။ ဒီဘက်ရှုံးရင်လည်း ဒီဘက်နိုင်ပါတယ်ဆိုပြီးတော့ ပြည်သူတွေ ဝေဝါးသွားအောင် ဆိုက်ဝါးတခုအနေနဲ့ ဝါဒဖြန့်တာဖြစ်ပါတယ်။ အဲဒါကတော့ လူကြီးလူငယ်အားလုံး ယုံနိုင်စရာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ဟာသတစ်ခုအနေနဲ့ဖြစ်နေတာပေ့ါ”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CNF နဲ့ ဒေသကာကွယ်ရေးတပ်(CDF)တို့ဟာ ယခု ၂၀၂၃ နှစ်ဆန်းပိုင်းလောက်တည်းက ထန်လတန်မြို့ပေါ် ဝင်ရောက်ထိုးစစ်ဆင်တာ တပ်စွဲနေထိုင်လာခဲ့တာဖြစ်ပြီးအခုအချိန်အထိ  မြို့ထဲမှာ တပ်စွဲနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထန်တလန်မြို့ထဲ တိုက်ပွဲအတွင်း CNF နဲ့ CDF တို့ဆီက လက်နက်ကြီး၊ လက်နက်ငယ် ၁၈ လက်နဲ့ ခဲယမ်း၊ ဗုံးသီးတွေနဲ့ အလောင်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

အောက်တိုဘာလ ၂၇ ရက်မှာ  စခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့စစ်ဆင်ရေး ၁၀၂၇ လေးရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်းမြို့တို့အပါအဝင် စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်း ခုနှစ်ဆယ် နီးပါး သိမ်းဆည်းခံထားရပါတယ်။

အလားတူပဲ  ကရင်ပြည်နယ်အတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေ သိမ်းဆည်းခံနေရသလို ကချင်ပြည်နယ်မှာလည်း အခုလလယ်ပိုင်းလောက်က တပ်စခန်းတွေ ဆက်တိုက်အသိမ်းခံခဲ့ရပါတယ်။