စက်တင်ဘာ ၊ ၉
လက်ရှိ အခြေအနေမှာ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲရဲ့ ဘောလုံး အဆင့်အတန်းဟာ သူကျင်လည်ခဲ့ဖူးရာ ပြင်သစ် လီဂူးဝမ်းထက်တောင် ပိုမြင့်နေလောက်ပြီလို့ ဘရာဇီး တိုက်စစ်မှူး နေမာက ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် နေမာဟာ အခု နွေရာသီမှာ ပြင်သစ်လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီကို စွန့်ခွာပြီး ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်ဆီ စတာလင်ပေါင် ၇၇ သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဆော်ဒီ ပရိုလိဂ်ဟာ အခု နွေရာသီ စျေးကွက်မှာ နိုင်ငံခြား ဘောလုံးသမားတွေအတွက် စုစုပေါင်း စတာလင်ပေါင် သန်း ၇၀၀ လောက် ပြောင်းရွှေ့ကြေးတွေ သုံးစွဲခဲ့တာကြောင့် ကမ္ဘာ့ဘောလုံး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
အခုဆိုရင် ဆော်ဒီ ပရိုလိဂ်မှာ နေမာအပြင် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ပြင်သစ်သား ကာရင် ဘင်ဇီးမားစတဲ့ ကမ္ဘာ့ထိပ်တန်း နာမည်ကျော် ဘောလုံးကြယ်ပွင့်တွေ အခြေချနေပြီ ဖြစ်ပါတယ်။
ဆော်ဒီမှာ လာရောက်ကစားနေတဲ့ ဘောလုံးသမားတွေရဲ့ နာမည်စာရင်းကို ကြည့်မယ်ဆိုရင် ဆော်ဒီ ပရိုလိဂ်က ပြင်သစ် လီဂူးဝမ်းထက် ပိုပြီးမြင့်တဲ့ အဆင့် ရောက်နေပြီလို့ သတ်မှတ်လာရင်တောင် သူအံ့ဩတော့မှာ မဟုတ်ကြောင်း နေမာက ဆိုပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်မှာ ဆော်ဒီ ပရိုလိဂ်ထက်သာအောင် ပြောင်းရွှေ့ကြေး အသုံးကြမ်းခဲ့တာ အင်္ဂလန် ပရီးမီးယားလိဂ် တခုသာ ရှိခဲ့ပါတယ်။
ဥရောပ ဘောလုံးလောကကို စွန့်ခွာပြီး ဆော်ဒီဆီ ကူးပြောင်းသွားတဲ့ ဘောလုံးကြယ်ပွင့်တွေဟာ ငွေမက်ခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နေမာက ဒီကိစ္စက လျှို့ဝှက်ချက် မဟုတ်ကြောင်း၊ ဒါပေမဲ့ ဆော်ဒီမှာလည်း နိုင်လိုစိတ် ပြင်းပြင်းနဲ့ လေ့ကျင့်နေကြပြီး ဘောလုံးရဲ့ သဘောသဘာဝက အတူတူပဲဖြစ်ကြောင်း၊ သူဟာ လောလောဆယ် အယ်လ်ဟီလယ်လ်နဲ့အတူ ဆုဖလားတွေ ရရှိဖို့ကိုပဲ အာရုံစိုက်ထားမှာဖြစ်ကြောင်း တုံ့ပြန်သွားပါတယ်။
နေမာဟာ ဘိုလီးဗီးယားကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့နောက် ဘရာဇီး လက်ရွေးစင် အသင်းရဲ့ သမိုင်းကြောင်းတလျှောက် ဂိုးအများဆုံး သွင်းသူအဖြစ် ဂန္ထဝင်ကြီး ပီလီကို ကျော်တက်ပြီး စံချိန်မှတ်တမ်း ရေးထိုးခဲ့ပါတယ်။ နေမာဟာ ဘရာဇီးအတွက် ၁၂၄ ပွဲမှာ ၇၉ ဂိုးထိ သွင်းယူထားပြီးပါပြီ။ ပီလီရဲ့ နိုင်ငံလက်ရွေးစင် သွင်းဂိုး ပမာဏကတော့ ၇၇ ဂိုးဖြစ်ပါတယ်။