သြဂုတ်၊ ၂၃
ကမ္ဘာကျော် အဝတ်ထည်အမှတ်တံဆိပ်တခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတဲ့ အထည်ချုပ် စက်ရုံတရုံက အမျိုးသမီးအလုပ်သမားတဦးဟာ လုပ်ငန်းခွင်အတွင်း ထိုးကြိတ်ခံရသလို အလုပ်လည်း ထုတ်ခံလိုက်တာကြောင့် စက်ရုံကို တရားစွဲဆိုဖို့ နစ်နာသူဘက်က ပြင်ဆင်နေပါတယ်။
“ နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း ချိတ်ဆက်တိုင်ပင်နေတယ်၊ တရားစွဲဖို့အတွက်ကိုလည်း ရှေ့နေနဲ့ ဆွေးနွေးနေတယ် ” လို့ အမျိုးသမီးအလုပ်သမားဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Kingsrish (MYANMAR) Fashion Limited က အမျိုးသမီးလုပ်သားတဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် မရှားလဲ့ဖြူဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လုပ်ငန်းခွင်မှာ ဌာနတူအမျိုးသားတဦးနဲ့ လုပ်ငန်းကိစ္စ အချေတင်စကားများရာက ဆဲဆိုထိုးကြိတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
” ပစ္စည်းရွှေ့ဖို့ အကူအညီတောင်းတာ ကောင်လေးက မလုပ်ပေးနိုင်ဘူးပြောလို့ တယောက်တခွန်း စကားများကြတယ်တဲ့၊ ပြီးတာနဲ့ မျက်နှာကို လက်သီးနဲ့ သုံးချက်ထိုးတာ၊ ထိုးခံရတော့ Leader (ခေါင်းဆောင်) ကို သွားတိုင်တာ၊ Leader ဘက်ကလည်း ဖြေရှင်းမပေးဘူး။ အဲ့မှာ တိုင်ရမလားဆိုပြီး အနောက်ကနေ အင်္ကျီကိုဆွဲပြီး နှစ်ချက် ထပ်ထိုးတယ် ” လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
အဲဒီနောက်မှာတော့ စက်ရုံတာဝန်ရှိသူတွေက သူတို့နှစ်ဦးလုံးကို လုပ်ငန်းခွင်အတွင်း ခိုက်ရန်ဖြစ်ပွားလို့ဆိုကာ နစ်နာကြေးလည်း မပေးဘဲ အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ထုတ်ပယ်တာကြောင့် ထိုးကြိတ်ခံခဲ့ရတဲ့ အမျိုးသမီးက အလုပ်ပြန်ဝင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံဘက်က ငြင်းဆိုခဲ့တယ်လို့ STUM တာဝန်ရှိသူက ရှင်းပြပါတယ်။
ထိုးကြိတ်ခံရတဲ့ အမျိုးသမီးအလုပ်သမားဘက်က ကူညီပေးနေသူတွေကတော့ အခုဖြစ်စဥ်ဟာ ခိုက်ရန်ဖြစ်ပွားတာမဟုတ်ဘဲ တဖက်သတ် ထိုးကြိတ်ခံရတာသာဖြစ်ပြီး အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC စာချုပ်) ချိုးဖောက်ကာ အလုပ်ထုတ်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် စက်ရုံကို တရားစွဲဖို့နဲ့ သက်ဆိုင်ရာ ကုန်ပစ္စည်း အမှတ်တံဆိပ်ကုမ္ပဏီကို စာပို့ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူက ပြောပါတယ်။
” အလုပ်သမားဘက်က တောင်းဆိုတာက လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပြုဖို့ပဲ၊ ဒါပေမယ့် အလုပ်ရှင်ဘက်က ခွင့်မပြုဘူး။ သူတို့က ရန်ဖြစ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့လုပ်တာ၊ CCTV လည်း ရှိတယ်အဲ့မှာ CCTV သက်သေကြည့်ပြီး ဆုံးဖြတ်လို့လည်း ရတယ်၊ အခုက အထိုးလည်းခံရ အလုပ်လည်း ထုတ်ခံရသေးတယ် ” လို့ သူက ပြောပါတယ်။
အဲဒီနောက် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည)မှာ အလုပ်ရှင်၊ အလုပ်သမား တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
“ ဖြစ်နိုင်ရင် အလုပ်ပြန်လုပ်ချင်တယ်၊ နယ်က မိဘတွေက ကိုယ့်လုပ်အားခဘဲ မျှော်နေကြတာ၊ အခုလို ကျူးလွန်ခံရတဲ့ အပေါ်လည်း စိတ်မကောင်းဖြစ်ရတယ် ” လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ မရှားလဲ့ဖြူက ပြောပါတယ်။
Kingsrish (MYANMAR) Fashion Limited ကချုပ်တဲ့ H&M ဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တခုဖြစ်ပြီး မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မူတွေ ရှိနေလို့ သူတို့ရဲ့အထည်အပ်နှံ ချုပ်လုပ်နေတဲ့ လုပ်ငန်းတွေ ထွက်ခွာသွားတော့မယ်လို့ မကြာခင်ကမှ ကြေညာထားပါတယ်။
တရုတ်နိုင်ငံသားပိုင် အဲဒီ Kingsrish (Myanmar) Fashion Limited စက်ရုံဟာ နိုင်ငံတကာနာမည်ကြီး အမှတ်တံဆိပ်တခုဖြစ်တဲ့ H&M အဝတ်အထည်တွေကို ချုပ်လုပ်နေပြီး အလုပ်သမား တထောင့်သုံးရာလောက်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် BHRRC အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ်၊ မတ်လကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် ၂၁၂ ခုရှိခဲ့ပြီး အဲဒီထဲက ဖြစ်စဥ် နှစ်ဆယ်ကတော့ H&M အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေမှာ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေသလို အလုပ်က ရပ်စဲခံရသူဦးရေမှာလည်း မြင့်တက်နေပြီး အလုပ်ထုတ်ခံရသူရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ဥပဒေပါနစ်နာကြေးတွေ ရရှိတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ကလည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Google