ခုတင် ၅၀၀ ကိုးထပ်ဆေးရုံသစ်ကြီး ကို သမ္မတဦးဝင်းမြင့် ဘယ်လိုမှတ်ချက်ပေးခဲ့လဲ

၂၈ ၊ အောက်တိုဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့က ခုတင် ၅၀၀ ကိုးထပ်ဆေးရုံသစ်ကြီးရဲ့ အခြေအနေကို နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်က ဒီနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်ကြည့်ရှု့ခဲ့ပါတယ် ။ ဒီဆေးရုံကြီးကို အရင်အစိုးရလက်ထက် ၂၀၁၅/ ၂၀၁၆ ဘဏ္ဍာနှစ်မှာ တင်ဒါခေါ်ယူခဲ့ပြီး Royal Lotus Comstruction က တာဝန်ယူဆောက်လုပ်နေတာ ဖြစ်ပါတယ် ။

ဒါပေမယ့် စာချုပ်ပါအချက်အလက်တွေ အတိုင်း မတည်ဆောက်တာ ၊ စာချုပ်ချုပ်ဆိုစဉ်က မပါတဲ့ ငွေကြေးတွေ ထပ်မံ တောင်းဆိုခဲ့တာ ကြောင့် ပြည်ထောင်စုအစိုးရ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကော်မတီဖွဲ့စစ်ဆေးခဲ့ပါတယ် ။အဲဒီလို စစ်ဆေးစဉ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်တန့်ထားဖို့ ညွှန်ကြားထားခဲ့တာဖြစ်ပါတယ် ။

ဒီနေ့ မနက်ပိုင်းမှာ ချောင်းသာ -ရွှေသောင်ယံ တံတားဖွင့်ပွဲ အခမ်းအနားကနေ ပုသိမ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မွန်းလွဲပိုင်းမှာဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားတဲ့ ခုတင် ၅၀၀ ကိုးထပ်ဆေးရုံကြီးကို ဝင်ရောက်ကြည့်ရှု့ခဲ့တာ ဖြစ်ပါတယ် ။

ဒီနေ့တွေ့ဆုံမှုအပြီး နိုင်ငံတော်သမ္မတ ဆေးရုံဝန်းအတွင်းက ပြန်လည်ထွက်ခွာအပြီးမှာပဲ တာဝန်ယူထားတဲ့ ကုမ္မဏီတာဝန်ရှိသူတွေနှင့် Delta News Agency ကသွားရောက်ဆက်သွယ် မေးမြန်းခဲ့ပါတယ် ။ ဒါပေမယ့် အစည်းအဝေးရှိတဲ့အတွက် တာဝန်ခံဖြေကြားမယ့်သူတွေ ပြန်သွားပြီလို့ ဝန်ထမ်းတစ်ဦး ကပြောပါတယ် ။