မြန်မာနိုင်ငံကနေ အဝတ်အထည်တွေ မှာယူတော့မှာ မဟုတ်ကြောင်း Zara ရဲ့ မိခင်ကုမ္ပဏီ အတည်ပြု

ဇူလိုင်၊ ၂၈

ကမ္ဘာကျော် ဖက်ရှင် အမှတ်တံဆိပ် Zara ရဲ့ မိခင်ကုမ္ပဏီက မြန်မာနိုင်ငံမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေ ဝယ်ယူမှုကို ရပ်ဆိုင်းသွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Inditexက မြန်မာနိုင်ငံက အထည်ချုပ် စက်ရုံတွေမှာ Zaraအတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးဖို့ အလုပ်အပ်တာတွေကို ဆက်လုပ်တော့မှာ မဟုတ်ကြောင်း Reuters သတင်းဌာနဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အလုပ်သမား သမဂ္ဂ တခုဖြစ်တဲ့ IndustriALLက အာဏာသိမ်းစစ်တပ် ကြီးစိုး အုပ်ချုပ်နေတဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ အနောက်နိုင်ငံ အခြေစိုက် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ၊ ကုန်သွယ်တာတွေ မလုပ်ဖို့ အပြင်းအထန် တောင်းဆိုလာတဲ့နောက် Inditexက အခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံကနေ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်နဲ့ ထွက်ခွာမယ့် အဆင့်တွေအတွက် Inditexက စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြုပါတယ်။ အဲဒီအတွက်လည်း မြန်မာနိုင်ငံထဲမှာ Zaraနဲ့ ဆက်စပ်တဲ့ ဝန်ထမ်းဦးရေကို တသုတ်ချင်းစီ လျှော့ချနေပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်မှုတွေကို ဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတာကိုတော့ Inditexက တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ဒါ့အပြင် Zara အမှတ်တံဆိပ်အတွက် အဝတ်အထည်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ကုမ္ပဏီတွေက တာဝန်ယူ ချုပ်လုပ်ပေးနေသလဲ ဆိုတာကိုလည်း Inditexက မကြေညာပါဘူး။ Zara အပါအဝင် ဖက်ရှင် အမှတ်တံဆိပ်တွေဟာ ကိုယ်တိုင် စက်ရုံတွေ တည်ဆောက်တာမျိုး လုပ်လေ့မရှိဘဲ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုက အထည်ချုပ် စက်ရုံတွေကိုသာ အမှတ်တံဆိပ်အလိုက် သတ်မှတ် စံနှုန်းတွေနဲ့ ညီညွတ်တဲ့ ထုတ်ကုန်တွေကို ဖန်တီး ချုပ်လုပ်စေလေ့ ရှိပါတယ်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းဟာ အနောက်နိုင်ငံတွေက ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ်ကြီးတွေအတွက် အဝတ်အထည်တွေ အများအပြားကို ပံ့ပိုးပေးနေတဲ့ ရင်းမြစ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် အထည်ချုပ် လုပ်ငန်းဟာလည်း စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေထဲ ဒွေးရောယှက်တင် ကျရောက်သွားပါတော့တယ်။

ဒါ့အပြင် လုပ်ခလစာ တိုးမြှင့်ရရှိရေးနဲ့ လုပ်ငန်းခွင် အခြေအနေ ပိုမိုကောင်းမွန်ရေးလို တောင်းဆိုမှုမျိုးတွေအတွက် ဆန္ဒပြတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီး ဖမ်းဆီးနှိပ်စက်တာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့်လည်း အထည်ချုပ် လုပ်ငန်းတွေဟာ လူ့အခွင့်အရေး ရှုထောင့်ကနေ ဝေဖန်စရာတွေ ဖြစ်လာပြန်ပါတယ်။

စပိန်အခြေစိုက် ဖက်ရှင် လုပ်ငန်းစုကြီး Mangoကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဂျာမနီရဲ့ အားကစားဝတ်စုံ အမှတ်တံဆိပ်ဖြစ်တဲ့ Jakoကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

 

Ref: Reuters