မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တဲလက်စ် ဆော်ဒီကလပ် အယ်လ်နက်ဆာဆီ ပြောင်းရွှေ့

ဇူလိုင်၊ ၂၄

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ဆော်ဒီ အာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲဝင် အယ်လ်နက်ဆာ အသင်းဆီ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီး လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်မှူးရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်မလို အခြေအနေတချို့ ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ ယူနိုက်တက်က တရားဝင် ကြေညာနိုင်ခဲ့ပါတယ်။ တဲလက်စ်ဟာ အယ်လ်နက်ဆာ အသင်းမှာ ယူနိုက်တက် အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည် ဆုံဆည်းနိုင်မှာ ဖြစ်ပါတယ်။

တဲလက်စ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ပေါ်တိုကနေ ယူနိုက်တက်ဆီ စတာလင်ပေါင် ၁၃.၆ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် စုစုပေါင်း ပွဲပေါင်း ၅၀ ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ကို မန်နေဂျာအဖြစ် အဲရစ်တန်ဟက်ဂ် စတင်ကိုင်တွယ်တဲ့နောက် တဲလက်စ်ကို စပိန်ကလပ် ဆဗီးလားဆီ အငှားချခဲ့ပါတယ်။ သူဟာ ဆဗီးလားနဲ့အတူ ယူရိုပါလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ ပြောင်းရွှေ့ကြေးကို တိတိကျကျ မသိရပေမယ့် စတာလင်ပေါင် ၅ သန်းဝန်းကျင် ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ နိုင်ငံတကာ အာရုံစိုက်မှုကို ခံနေရပြီး တဲလက်စ်အပြင် ဥရောပ အခြေစိုက် နာမည်ကြီး ကစားသမား တော်တော်များများကို အားဖြည့် ခေါ်ယူနေပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် အခြေစိုက် နာမည်ကြီး ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ရောဘတ်တို ဖာမီနို၊ အန်ဂိုလိုကန်တေး၊ အီဒူရက်ဒ်မန်ဒီ၊ ရူဘန်နီဗက်စ်၊ ဂျော်ဒန်ဟန်ဒါဆန်တို့လည်း ဆော်ဒီ ကလပ်တွေဆီ အခုနွေရာသီမှာ အသီးသီး ပြောင်းရွှေ့ခဲ့ပြီး ဖြစ်ပါတယ်။

 

Ref: BBC