ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာနဲ့ ချစ်သူ နေအိမ်မှာ ဓားပြတိုက်ခံရ

ဇူလိုင် ၊၂၂

အီတလီ လက်ရွေးစင် ဂိုးသမား ဂီယန်လူဂီ ဒွန်နာရမ်မာနဲ့ အတူနေ ချစ်သူတို့ဟာ နေအိမ်မှာ ဓားပြတိုက် ရန်ပြုမှု ခံခဲ့ရတယ်လို့ သိရပါတယ်။

 ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းမှာ ကစားနေတဲ့ ဒွန်နာရမ်မာနဲ့ ချစ်သူ အမျိုးသမီးတို့ဟာ ပါရီမြို့တော်က နေအိမ်ထဲမှာ လူတချို့ရဲ့ ပစ်မှတ်ထား ရန်ပြုမှုကို ကြုံခဲ့ရပါတယ်။ ဓားပြတွေက သူတို့နှစ်ယောက်ကို တိုက်ခန်းထဲမှာ ကြိုးချည် တုပ်နှောင်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒွန်နာရမ်မာတို့က နီးစပ်ရာ ဟိုတယ်တခုဆီ သွားရောက်ပြီး အကူအညီ တောင်းခံနိုင်ခဲ့ပါတယ်။

 ဟိုတယ်ရဲ့ အကူအညီကြောင့် ရဲတွေရောက်လာပြီး ဒွန်နာရမ်မာနဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်လ် အလက်စီယာ အယ်လီဖန်တီတို့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဓားပြတွေက ဒွန်နာရမ်မာတို့ စုံတွဲဆီက ဘာတွေ လုယက်သွားသလဲ ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။ သတင်းတချို့ကတော့ လက်ဝတ်ရတနာတွေ၊ အဖိုးတန် လက်ပတ်နာရီတွေနဲ့ အဖိုးတန် သားရေထည် ပစ္စည်းတွေ စုစုပေါင်း ယူရို ၅ သိန်းဖိုးလောက် လုယက်ခံရတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

 ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ ဒွန်နာရမ်မာက အနည်းအကျဉ်း ဒဏ်ရာရခဲ့ပေမယ့် အယ်လီဖန်တီကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒွန်နာရမ်မာရဲ့ ထုတ်ပြန်ချက်မှာတော့ သူနဲ့ အယ်လီဖန်တီတို့ဟာ အမှတ်မထင် ကြုံခဲ့တဲ့ ချောက်ချားစရာ အခြေအနေကြောင့် အရမ်းတုန်လှုပ်နေကြောင်း၊ ဒါပေမဲ့ ရဲတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေမှာတော့ အတတ်နိုင်ဆုံး ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

 အီတလီ လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဟာ လွန်ခဲ့တဲ့ ၂ နှစ်မှာ အေစီမီလန်ကနေ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကစားသမား တချို့ဟာ ဒုစရိုက်သမားတွေရဲ့ ပစ်မှတ်ထား လုယက်မှုတွေ ကြုံခဲ့ဖူးပေမယ့် နေအိမ်မှာ တိုက်ခိုက်ခံရတာမျိုးကတော့ ရှားပါးတဲ့ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

 ၂၀၂၁ ခုနှစ်၊ မတ်လတုန်းကတော့ ဘရာဇီး နောက်ခံလူ မာကွင်ဟော့စ်က အသင်းအတွက် ကစားနေတဲ့ အချိန် သူ့အိမ်ကို ဓားပြတွေက ဝင်ရောက်စီးနင်းပြီး ဖခင်ဖြစ်သူကို ရန်ပြုခဲ့ပါတယ်။ အခင်းဖြစ်ချိန်က နေအိမ်မှာ မာကွင်ဟော့စ်ရဲ့ ဆယ်ကျော်သက် သမီးနှစ်ဦးနဲ့အတူ ရှိနေခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာတော့ ပါရီ တရားရုံးက အမျိုးသားနှစ်ဦးကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မာကွင်ဟော့စ်ရဲ့ ပီအက်စ်ဂျီ အသင်းဖော် အန်ဟဲလ် ဒီမာရီယာရဲ့ နေအိမ်လည်း ဖောက်ထွင်း ခံခဲ့ရပါသေးတယ်။

 ဒါ့အပြင် သီယာဂိုဆေးလ်ဗား၊ ဒန်နီအဲလ်ဗက်စ်၊ အဲရစ် ချူပိုမိုတင်စတဲ့ ကစားသမားတွေဟာလည်း ပီအက်စ်ဂျီမှာ ကစားနေချိန်တွေ အတောအတွင်း နေအိမ်ဖောက်ထွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။