ဇူလိုင် ၊၂၂
ဗြိတိန်နိုင်ငံက ဘောလုံးပွဲတခုမှာ ကွင်းထဲ လာရပ်သွားတဲ့ နိဗ္ဗာန်ယာဉ်ကြောင့် အရှုပ်အထွေးတွေ ဖြစ်ပြီး ပွဲရပ်နားခဲ့ရပါတယ်။
ဗြိတိန်ရဲ့ အောက်ခြေအဆင့် ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ နေရှင်နယ်လိဂ်မှာ ယှဉ်ပြိုင်နေတဲ့ ဂိတ်ရှတ်ဒ် အသင်းဟာ ဇူလိုင် ၂၁ ရက်က အပျော်တမ်းကလပ် ဒွန်စတန်နဲ့ ခြေစမ်းပွဲ ကစားနေရင်း ထင်မှတ်မထားတဲ့ အခြေအနေတခု ကြုံခဲ့ရတာပါ။ မျက်နှာဖုံးစွပ်ထားသူတွေက အနက်ရောင် နိဗ္ဗာန်ယာဉ်ကြီး တစီးကို ဒွန်စတန် အသင်းရဲ့ အိမ်ကွင်း မြက်ခင်းပြင်ပေါ် မောင်းနှင် ဝင်ရောက်လာပြီး ရပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲကြည့်ပရိသတ်တွေက ဒီမြင်ကွင်းကြောင့် အံ့ဩ ထိတ်လန့်ခဲ့ပြီး ပွဲကိုလည်း ပထမပိုင်း အပြီးမှာပဲ ဖျက်သိမ်းလိုက်ရပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ မြက်ခင်းပေါ် ရောက်လာတဲ့ နိဗ္ဗာန်ယာဉ်ကြီး အကြောင်းက အတော်လေး လူပြောများနေတာ တွေ့ရပါတယ်။
ဗီဒီယို မှတ်တမ်းတွေအရ အနက်ရောင် နိဗ္ဗာန်ယာဉ်ကြီးနဲ့အတူ ခဲရောင် ကားတစီးကပါ ကွင်းထဲကို မောင်းဝင်လာတာ တွေ့ရပါတယ်။ အဲဒီနောက် မျက်နှာဖုံး စွပ်ထားသူ အမျိုးသား နှစ်ဦးဟာ နိဗ္ဗာန်ယာဉ်ကြီးကို ကွင်းထဲမှာ အကျအန ရပ်ထားခဲ့တဲ့နောက် ခဲရောင်ကားဆီ ကူးသွားပြီး မောင်းနှင် ထွက်ခွာသွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီလူတွေဟာ ကွင်းအစွန်က အကာအရံတွေကို ကားနဲ့တိုက်ပြီး မြက်ခင်းပေါ်ထိ မောင်းဝင်လာခဲ့တာလို့ ဘောလုံးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကားနှစ်စီးရဲ့ နှောင့်ယှက်မှု အကြောင်းကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေတယ်လို့လည်း ဒွန်စတန် အသင်းက ကြေညာထားပါတယ်။ ဘာကြောင့် အခုလို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်တဲ့ ကိစ္စမျိုး ဖြစ်ပေါ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဘောလုံးပွဲကို ရပ်ဆိုင်းလိုက်တဲ့နောက် ပွဲကြည့်စင်က ပရိသတ်တွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ပါ စီစဉ်ပေးခဲ့ရကြောင်းလည်း သိရှိရပါတယ်။