KNLA လှုပ်ရှားနယ်မြေမှာ မွန်ပြည်သစ်ပါတီ ကင်းလှည့်လို့ ဒေသခံတွေက တိုက်ပွဲဖြစ်မှာစိုးရိမ်

ဇူလိုင်၊ ၁၇
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ အမှတ် (၈)ကားလမ်းကြီးပေါ်နဲ့ ကျေးရွာတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တာတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ စိုးရိမ်တာပေါ့၊ အမတို့လည်း မွန်ပဲလေ၊ သူတို့ လုံခြုံရေးယူပေးတာကို ဝမ်းတာတယ်၊ ဒီမှာလည်း ကရင်တပ်တွေ၊ PDF တွေလည်း သွားလာလှုပ်ရှားနေတာလည်း ရှိတယ်၊ ပြီးတော့ စစ်တပ်ဘက်ကလည်း ရှိနေတော့၊ ရွာမှာ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာပေါ့။ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့၊ ဖြစ်လာရင် ပြေးဖို့ပဲ ရှိတော့တယ်။ ပြေးဖို့တောင် အချိန်ရပါ့မလားပေါ့ ” လို့ သံဖြူဇရပ်မြို့ခံ တဦးက DNA ကို ပြောပါတယ်။
 
ဒီချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ NCA ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP)ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)တပ်ဖွဲ့ဝင်တွေက စစ်ယူနီဖောင်း အပြည့်အစုံနဲ့ မုဒုံ-သံဖြူဇရပ် ကားလမ်းပိုင်း၊ မုဒုံမြို့နယ်ရှိ ကျေးရွာတချို့နဲ့ ရေးမြို့နယ်အတွင်းက ကျေးရွာ တချို့မှာ ဇွန်လ ဒုတိယအပတ်က စတင်ပြီး လုံခြုံရေးကင်းလှည့်နေတာ ဖြစ်ပါတယ်။
 
“ မုဒုံက ညောင်တုန်းရွာ ဘက်တွေမှာပေါ့၊ အဝေးပြေး ကားလမ်းမကြီး ပေါ်မှာပေါ့နော်၊ မွန်ပြည်သစ် တပ်ဖွဲ့တွေလေ၊ ယူနီဖောင်း အပြည့်နဲ့ပဲ အဲဒီကလည်း မွန်ရွာတွေဆိုတော့ ဒေသခံတွေကတောင် ကြိုဆိုနေကြပါသေးတယ်။ ရေးဘက်ကတော့ သူတို့ ပုံမှန် လှည့်နေတာတော့ ရှိတာပေါ့နော်။ တပ်ဖွဲ့ဝင်အင်အားကတော့ တရာ လောက်တော့ မပြည့်ဘူး၊ တွေ့မိသလောက်ဆိုရင်လေ ” လို့ တခြားဒေသခံတဦးက ပြောပါတယ်။
 
ယခု မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)တပ်ဖွဲ့တွေ လှုပ်ရှားမှု ပြုနေတဲ့ တချို့နေရာတွေဟာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေစိုးမိုးနိုင်ဖို့ စစ်ရေးအရှိန်မြှင့်တင်ထားတဲ့ လမ်းပိုင်းတချို့လည်း ပါဝင်နေပါတယ်။
 
ဒါ့အပြင် မော်လမြိုင်- မုဒုံ-သံဖြူဇရပ်-ရေး- ထားဝယ်-ဘိတ် အမှတ် (၈)လမ်းမကြီးတလျှောက်မှာ အသုံးပြုသွားလာနေကြတဲ့ မော်တော်ယာဉ်တွေကို ဇွန်လ ၁၅ ရက်က စတင်ကာ လုံခြုံရေးအရ စစ်ဆေးသွားမှာဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ် (၂၇)မှ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဒီလိုအခြေအနေတွေကြောင့် အဲဒီလမ်းပိုင်းတွေမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မွန်ပြည်သစ်ပါတီရဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးအရ ထိတွေ့မှု ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
 
မွန်ပြည်သစ်ပါတီရဲ့ ယခုလုပ်ရပ်က တော်လှန်ရေးကို အဟန့်အတားဖြစ်စေတဲ့ အပြုအမူဖြစ်နေသလို ဒါကို နိုင်ငံရေးအဖွဲ့အစည်းတွေ၊ EAO တွေနဲ့ ဆွေးနွေးကြဖို့ လိုအပ်နေပြီး ဆွေးနွေးမှု ရလဒ်အရ စစ်တပ်နဲ့ပေါင်းရင် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့မှုတွေ ဖြစ်လာမှာလို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင်က ဆိုပါတယ်။
 
“ ဒါက အဟန့်အတားဖြစ်စေတဲ့ အပြုအမူမျိုးဖြစ်နေတယ်လို့ ပြောချင်တယ်၊ အထက်က နိုင်ငံရေးအဖွဲ့အစည်းတွေ EAO တွေ ရပ်နေမှာမဟုတ်ဘူး၊ ဆွေးနွေးကြမယ်လို့ ကျွန်တော်ထင်တယ်၊ မျှော်လင့်တယ်၊ သူတို့နဲ့ ဆွေးနွေးသင့်တယ်၊ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ဦးတည်ချက်က ပြောင်းလဲမှာ မဟုတ်ဘူး၊ သူတို့က စကစနဲ့ ပေါင်းတယ်ဆိုပြီး ပြည်သူတွေက ကျွန်တော်တို့က ထင်နေတယ်၊ သူတို့အနေနဲ့ တိတိကျကျကြေညာလိုက်၊ ပေါင်းချင်ရင် ပေါင်းလိုက်ပေါ့ဗျာ၊ ကျွန်တော်တို့လည်း တော်လှန်တိုက်ရအောင်၊ ညှိနှိုင်းကြမယ် ညှိနှိုင်းလို့မရရင် ဖြစ်ကြဖို့များမယ်၊ ဒီတိုင်းသူတို့ဆက်သွားရင် ဒီတိုင်းဖြစ်ဖို့ ရှိတာပေါ့ ” လို့ ပြောပါတယ်။
 
မွန်ပြည်သစ်ပါတီအနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုပဲ ဆုပ်ကိုင်ထားပေမယ့် ယခုတော်လှန်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်လာမယ်ဆိုရင် မွန်ပြည်သစ်ပါတီအနေနဲ့ ပါဝင်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာက ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီနဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောဆိုထားပါတယ်။
 
တဖက်မှာလည်း မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းရမယ်ဆိုတဲ့ မူကို ဆုပ်ကိုင်ထားဆဲ ဖြစ်တာကြောင့် ၂၀၁၂ခုနှစ်က အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့တဲ့အတိုင်းပဲ ဆက်လက်စောင့်ထိန်းသွားမှာဖြစ်တဲ့အတွက် မွန်ပြည်သစ်အပေါ်မှာ ဘာမှ မျှော်လင့်လို့မရနိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ မွန်နိုင်ငံရေးအကဲခတ်တဦးက ပြောပါတယ်။
 
“ သူ့ရဲ့ သဘောက စစ်တပ်နဲ့လည်း ရန်မဖြစ်ချင်ဘူး၊ သူတို့ မူအတိုင်းပဲ သွားမယ်ပေါ့၊ အဲဒီတော့ ဘာမှတော့ အများကြီး မျှော် လင့်ထားလို့ မရသေးဘူး၊ နောက်ပိုင်းက ဘာဆက်ဖြစ်လာမလဲဆိုတာက သူတို့အပေါ်မှာပဲ မူတည်တာပေါ့နော်၊ နောက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးအရ ဘာမှ မဖြစ်ချင်ဘူး၊ အခု သူတို့လှုပ်ရှားတာကလည်း ပြည်သူတွေရဲ့ တောင်းဆိုမှု ကြောင့်လည်း ဖြစ်နိုင်သလို တခြားအကြောင်းအရာကြောင့်လဲဖြစ်နိုင်တယ်၊ စစ်ကို အတက်နိုင်ဆုံး ရှောင်နေမှာပါ။ အခြေအနေတခုခုရောက်လာရင်တော့ သူပါလာမှာလို့ အဲဒါကြောင့်ပြောတာပေါ့ ” လို့ ပြောပါတယ်။
 
မွန်ပြည်သစ်ပါတီ (NMSP)က ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ကိုယ်စားတွေနဲ့ တဖွဲ့ချင်းဖြစ်စေ၊ တခြားအဖွဲ့တွေနဲ့ဖြစ်စေ ခြောက်ကြိမ်တိုင်တိုင် ဆွေးနွေးထားပါတယ်။
 
ဒါပေမယ့် အဲဒီဆွေးနွေးပွဲတွေမှာ တိကျသေချာတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ မရရှိခဲ့ဘဲ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးကိစ္စတွေကိုသာ သဘောတူညီချက်တွေ ရရှိခဲ့တာဖြစ်ပါတယ်။
 
ဒီလိုမျိုး မွန်ပြည်သစ်ပါတီက လုံခြုံရေးကင်းလှည့်တာဟာ မွန်ပြည်သူတွေကို ဘာအကာအကွယ်မှ မပေးဘူးဆိုတဲ့ ပြောဆို ဝေဖန်မှု တွေရှိနေတာကြောင့် နိုင်ငံရေးဂုဏ်သိက္ခာအရ အဖတ်ဆယ်တဲ့ လှုပ်ရှားမှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီထံကို DNA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။
 
ဓာတ်ပုံ – Social Media
ပုံစာ – မွန်ပြည်သစ်ပါတီ (NMSP)လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေ မကြာသေးခင်က လှည့်ကင်းဆောင်ရွက်နေစဉ်။