မင်းတပ်မြို့နယ်က မုန်တိုင်းသင့်ဒေသခံတွေ အရေးပေါ်အကူအညီတွေမရသေး

မေ ၊ ၂၆

 မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆောက်အဦပေါင်း (၁၃၀၀)ကျော်အထိထိခိုက်ပျက်စီးခဲ့တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က မုန်တိုင်းသင့်ပြည်သူတွေဟာ လက်ရှိအချိန်အထိပုဂ္ဂလိကအလှူူရှင်တချို့ရဲ့ အလှူငွေကလွဲလို့ အကူအညီအထောက်အပံ့ရတာမရှိသေးဘူးလို့ဒေသခံတွေကပြောကြပါတယ်။

လက်ရှိအချိန်အထိ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီကတဆင့် လှူဒါန်းထားတဲ့ ကျပ်(၇၅)သိန်း ကိုသာ ရရှိထားပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုနဲ့ အကူအညီလိုအပ်နေတဲ့အခြေအနေအရ လိုအပ်ချက်တွေ များနေသေးတယ်လို့ မုန်တိုင်းသင့်သူတွေကို ကူညီပေးနေတဲ့ ဆလိုင်းထန်းမနားက ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မင်းတပ်မြို့နယ်အတွင်း ကျေးရွာပေါင်းသုံးဆယ်ဝန်းကျင်က နေအိမ် (၁၂၀၀)ကျော်၊စာသင်ကျောင်းနဲ့ ဝန်ထမ်းအဆောင် (၅၀)ကျော် ကျန်းမာရေးအဆောက်အအုံရှစ်လုံး၊စပါးကျီနဲ့ တောင်ယာတဲ(၂၇၀)ကျော်၊ရေတွင်း ရေကန်တွေနဲ့ တိရိစ္ဆာန်တွေ သေဆုံးပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ်စစ် ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီရဲ့အချက်အလက်တွေအရသိရပါတယ်။

လက်ရှိအချိန်အထိ မုန်တိုင်းသင့်ဒေသခံတွေအတွက် အလှူငွေ စုစုပေါင်း ကျပ်သိန်း(၁၅၀)ရရှိထားပြီး အဲ့ဒီအထဲ က ထက်ဝက်ကို မင်းတပ်မြို့နယ်အတွင်းက မုန်တိုင်းဒဏ်အဆိုးရွာဆုံး ခံစားခဲ့ရတဲ့ တိုက်နယ်အတွင်းက ကျေး ရွာတွေဆီခွဲဝေပံ့ပိုးပေးထားတယ်လို့ မင်းတပ်မြို့နယ်စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကိုယောကီးက ပြောပါတယ်။

“ထောက်ပံ့ကူညီမှုတွေ ရရှိလာတဲ့အပေါ်မူတည်ပြီး ဖြန့်ဖြူးမှုတွေ အချိန်နဲ့တပြေးညီ ဆက်လက်လုပ်ဆောင်ဖို့ အ သင့်ရှိပါတယ်၊မုန်တိုင်းဒဏ်သင့်‌ဒေသတွေဆီကို ကွင်းဆင်းတယ်၊ အချက်လက်တွေ မှတ်တမ်းပြုစုပြီးသက်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေဆီကို ပို့ဆောင်ထားပါတယ်”လို့သူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တဲ့ ချင်းပြည်နယ်မှာ ဒေသခံအများ အပြား စစ်ဘေးရှောင်နေကြရသလို တိုက်ပွဲတွေကြောင့် တောင်ယာစိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေ အ ခက်အခဲရှိတာ၊ဖြတ်တောက်ပိတ်ဆို့ခံရတာတွေကြောင့် လိုအပ်ချက်တွေရှိနေချိန်မှာ မိုခါမုန်တိုင်းတိုက်ခတ်မှုက အခက်အခဲပိုတွေ့စေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

လက်ရှိမှာ ဆောက်လုပ်ရေးသုံးပစ္စည်းကိရိယာတွေ၊ရေအရင်း အမြစ်နေရာတွေပြိုကျပျက်စီးတဲ့အတွက် ရေပိုက်နဲ့ အရေးပေါ် ဆေးဝါးပစ္စည်းတွေ၊ ကားလမ်းမြေပြိုတာ၊သစ်ပင်ကြီးတွေလဲတာတွေရှင်းလင်းနိုင်ဖို့ လွှစက်လိုကိရိယာ တွေနဲ့ ဓာတ်ဆီတွေ လိုအပ်နေကြတယ်လို့ ကိုယောကီးကပြောပါတယ်။

မုန်တိုင်းကြောင့် မင်းတပ်မြို့နယ်အတွင်းက ကားလမ်းနဲ့ မြေသားလမ်းတွေပြိုကျပျက်စီးတာကြောင့် ဆေးဝါးနဲ့ တခြားကုန်စည်တွေသယ်ယူရေး အခက်တွေ့ရသလို တောင်ယာစိုက်ခင်းတွေနဲ့ စပါးခင်းတွေလည်း ပျက်စီးခဲ့ တာ ကြောင့် လာမယ့်မိုးရာသီမှာ တောင်သူတွေအခက်ကြုံကြရနိုင်တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကလည်း အသိပေးထားပါတယ်။

ပျက်စီးမှုအတိုင်းအဆနဲ့နှိုင်းယှဉ်ရင် အရေးပေါ်အကူအညီအများကြီးကို လိုအပ်နေပါတယ်၊ INGOs, NGOs, CSOs တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းအသီးသီးအနေနဲ့ အမြန်ဆုံး လာရောက်ကူညီပေးစေချင်ပါတယ်”လို့ မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ကူညီပေးနေသူ ဆလိုင်းထန်းမနားက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ မိုခါမုန်တိုင်းတုံ့ပြန်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာတ သန်းမတည်ထားတယ်လို့ ဆိုထားပြီး ကျပ်သိန်းရှစ်ရာကျော် အသုံးပြုထားပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။အဲ့ဒီ ထောက်ပံ့သုံးစွဲမှုတွေထဲမှာချင်း ပြည်နယ်က မုန်တိုင်းဒဏ်သင့်မြို့နယ်ကိုးခုအတွက်ကနဦးထောက်ပံ့ငွေ ကျပ်တ သိန်းတရာလည်းပါဝင်ပါတယ်။

photo မင်းတပ်မြို့နယ်စစ် ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီ