ရေကန်တွေထဲ ဆားငံရေဝင်လို့ မုန်တိုင်းသင့်ရခိုင်ဒေသခံအများအပြား သောက်သုံးရေအခက်ကြုံနေ

မေ၊ ၂၀
 
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် မုန်တိုင်းဒီရေမြင့်တက်ပြီး ကျေးရွာတွေထဲက သောက်သုံးရေကန်တွေထဲ ဆားငံရေတွေဝင်ရောက်ကာ ပျက်စီးသွားခဲ့တဲ့အတွက် သောက်သုံးရေ အခက်ကြုံနေရတဲ့ ကျေးရွာပေါင်းများစွာရှိနေပြီး တချို့ဒေသတွေမှာတော့ မသန့်တဲ့ရေတွေကြောင့် ဝမ်းရောဂါဖြစ်သူတွေလည်း ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင်ပြည်နယ် ပေါက်တော၊ မြေပုံ၊ စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေက မြစ်ကမ်း၊ ချောင်းကမ်း အနီးရှိ ရွာတွေက သောက်သုံးရေကန်တွေမှာ မိုခါမုန်တိုင်းကြောင့် ဆားငံရေတွေ ဝင်သွားတာ၊ ကန်ပျက်စီးသွားတာတွေ ရှိနေတာလို့ သိရပါတယ်။
 
“ ငမန်းရဲကျွန်းဘက်မှာဆိုရင် ရေကန်တွေ သောက်လို့မရတော့ဘူး၊ ဆားငံဝင်သွားတယ်၊ အဲလို ဆားငံရေ မဝင်တဲ့ ရွာတွေမှာဆိုရင်လည်း ရေက တော်တော်ခမ်းနေပြီဆိုတော့ အကုန်လုံးနောက်ကျိကုန်တယ်လေ၊ ရွံ့ရောင်ဖြစ်သွားတယ်၊ အဲဒီအခါကျတော့ တချို့ဝမ်းရောဂါတွေဖြစ်နေတာတောင် ရှိတယ် ” လို့ မြေပုံမြို့က လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
 
ပေါက်တောမြို့နယ်နဲ့ စစ်တွေမြို့တို့ကြား ကုလားတန်မြစ်လယ်က ငပြီကျွန်းပေါ်မှာရှိတဲ့ ရွာသုံးရွာမှာဆိုရင်လည်း ရေကန်တွေအကုန်လုံး ဆားငံရေဝင်သွားလို့ စက်လှေတွေနဲ့ ရေသန့်တွေ သွားဝယ်၊ သွားခပ်နေကြရတယ်လို့ ဆိုကြပါတယ်။
 
“ ကျွန်မတို့ရွာမှာက အိမ်တွေ ဘာမှမကျန်တော့ဘူး၊ (ရေ)ကန်တွေလည်း ဆားငံဝင်သွားလို့ သောက်လို့လည်းမရဘူး၊ သုံးလို့လည်း မရဘူး၊ ဟိုးဘက်ရွာတွေ သဝင်ချောင်းတို့ စစ်တွေတို့ကနေ သွားခပ်ရတယ်၊ ရေလာလှူတဲ့သူတွေရှိရင် ကောင်းပါမယ် ” လို့ ငပြီကျွန်းရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
ဒါ့အပြင် ကုလားတန်မြစ်ကမ်းဘေးမှာရှိပြီး မုန်တိုင်းဒီရေရှစ်ပေလောက်အထိ တက်ခဲ့တဲ့ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာမှာလည်း ရေကန်အများစု ဆားငံရေဝင်သွားလို့ သောက်သုံးရေအတွက် အခက်ကြုံနေကြရတယ်လို့ ရွာသားတွေက ပြောကြပါတယ်။
 
ဒါ့ကြောင့် အဲဒီလို သောက်သုံးရေအခက်အခဲရှိတဲ့ ရွာတွေမှာ ရေသန့်တွေရရှိဖို့ အရေးပေါ်ကူညီပေးကြဖို့လိုတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
 
“ မြို့ပေါ်အပါအဝင် နယ်တွေမှာ ရေကန်တွေ ပျက်ကုန်တယ်၊ အခုထိ ကူညီရေးအဖွဲ့တွေ တခုမှ သွားကူကြတာ မတွေ့ရသေးဘူး၊ ရေနဲ့ စားနှပ်ရိက္ခာက အရေးတကြီးလိုနေပါတယ် ” လို့ ပေါက်တောမြို့က လေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
အဲဒီလို မသန့်တဲ့ရေတွေ သောက်သုံးနေရင် ဝမ်းလျှောတာအပါအဝင် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် ရေသန့်တွေ အရေးပေါ်ကူညီပေးဖို့ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းကြပါတယ်။
 
လက်ရှိမှာ ရေသန့်တွေကို စျေးတင်ရောင်းနေကြတာကြောင့်လည်း မုန်တိုင်းကြောင့် ရေအခက်အခဲဖြစ်နေကြသူတွေမှာ ရေသန့်ဝယ်သောက်နိုင်ဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။
 
“ရေသန့်က အရင်က ငါးရာ၊ အခု ငါးရာနဲ့ မရတော့ဘူး၊ တထောင်လောက်ပေးရတယ်၊ ဝယ်လို့တောင် သိပ်မရတော့ဘူး၊ ဒီဘက်တွေမှာက အခြေခံလက်လုပ်လက်စားတွေ ပိုများတော့ နောက်ဆက်တွဲပြဿနာတွေ တော်တော်ခံလာရနိုင်တယ် ” လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေက ဆားငံရေဝင်သွားတဲ့ သောက်သုံးရေကန်တွေထဲက ရေတွေကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပေးတာမျိုးတွေ လုပ်ပေးနေကြပေမယ့် ဒေသအနှံ့မှာ အဲ့ဒီလိုကူညီပေးနိုင်တာမျိုး မရှိသေးပါဘူး။
 
သောက်သုံးရေကန်တွေထဲက ရေချိုငါးတွေလည်း သေကြတဲ့အတွက် ရေကန်တွေဟာ အနံ့အသက်တွေ ဆိုးရွားနေတာကြောင့် နောက်ထပ်မိုးမရွာမီ ကန်တွေကို သန့်ရှင်းရေးမလုပ်နိုင်ရင် အခက်အခဲပိုတိုးလာနိုင်တယ်လို့ မုန်တိုင်းသင့်ဒေသတွေကို ကူညီပေးနေတဲ့ စစ်တွေမြို့က စာရေးဆရာ ဝေဟင်အောင်က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
 
သောက်သုံးရေကန်တွေ ပျက်စီးသွားတာကြောင့် ကျွဲ၊ နွား တိရိစ္ဆာန်တွေပါ ရေမသောက်ရဘဲ သေဆုံးနေကြတာကို မျက်မြင်တွေ့ရတယ်လို့လည်း သူကပြောပါတယ်။ 
ဓာတ်ပုံ – Wai Hin Aung / Facebook ၊ CJ