သထုံမှာခရီးသည်တင်ယာဉ်မိုင်းဆွဲခံရ၊ ဒဏ်ရာရသူသုံးဦးထဲက တဦးစိုးရိမ်ရ

မေ၊ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ခရီးသည်တင်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါသူ သုံးဦးထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့ပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ညဘက်ဆိုတော့လည်း ဘယ်သူလုပ်လို့ လုပ်မှန်းမသိကြဘူး၊ ဒီမှာက ခဏခဏဖြစ်နေတာပဲ၊ ဗုံးပေါက်သံက တော်တော် ကျယ်တယ်၊ အဲချိန်ကလည်း တိတ်ဆိတ်နေတဲ့အချိန်ဆိုတော့ တလုံးပဲ ကြားရတယ်၊ အဲဒါမနက်က သိတော့ ကားက မြဝတီတက်မယ့်ကားတဲ့၊ မိုင်းပေါက်လို့ ကားပေါ်က လူသုံးဦးဒဏ်ရာရတယ်တဲ့။” လို့ အခင်းဖြစ်တဲ့နေရာအနီးက ကမာစိုင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ခရီးသည် ဆယ်ဦးဦးတင်ဆောင်လာတဲ့ TOYOTA HIACE ကားက ဘီးလင်းဘက်ကနေ မြဝတီဘက်ကို ဦးတည်မောင်းနှင်လာချိန် သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ မိုင်တိုင်အမှတ်(၁၃၂/၁)နဲ့ (၁၃၂/၂)အကြား၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့ကထောင်ထားတဲ့ မိုင်းကို တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၉ နှစ်အရွယ် ဦးလှမင်းထွန်း၊ အသက် ၃၄ နှစ်အရွယ် ဦးမြင့်ဇော်၊ အသက် ၃၆ နှစ်အရွယ် ဦးအောင်မွန်ဦးတို့ မှာ ခန္ဓာကိုယ်အနှံ့မှာ မိုင်းစထိဒဏ်ရာတွေရရှိခဲ့ပြီး အဲဒီထဲက တဦးက ဒဏ်ရာပြင်းလို့ စိုးရိမ်ရတယ်လို့ သထုံမြို့နယ်မှ နယ်မြေခံလူမူကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

“ဒဏ်ရာကတော့ သုံးဦးရတယ်၊ တဦးက နည်းနည်းစိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်၊ သူတို့ကို ဆေးရုံပို့ပေး လိုက်တယ်။ ဘာဖြစ်လဲ၊ ဘာကြောင့်လဲ ကျွန်တော်တို့ မသိဘူး။” လို့ ပြောပါတယ်။

ယခုမိုင်းဆွဲခံရတဲ့ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာဆိုရင် ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ အာဏာသိမ်းပြီးနောက်ပိုင်း ၅ ကြိမ်ထက်မနည်းမိုင်ဆွဲခံခဲ့ရပြီး ဖြစ်စဉ်တိုင်းမှာ အရပ်သားထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဒါအပြင် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေမှာဆိုရင် စစ်ကောင်စီယာဉ်တန်းကြားကနေ အရပ်သားကားတွေ ဖြတ်သန်းမောင်း နှင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မှားယွင်းပစ်ခတ်ခံတာမျိုး ရှိခဲ့သလို တချို့ဖြစ်စဉ်တွေ ကတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ဒီကနေ့အချိန်ထိ မသိရသေးပါဘူး။

သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကတော့ “ အခုဖြစ်သွားတဲ့ နေရာက ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ လှုပ်ရှားတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သေချာမသိသေးဘူး။ ပုံမှန်တိုင်းဆို ဘာပဲဖြစ်ဖြစ်ပေါ့၊ စာဝင်လာတာ၊ ဖုန်းဝင်လာတာရှိတယ်၊ အခုက ဒီကိစ္စတော့ မသိရသေးဘူး။” လို့ ပြောပါတယ်။ 

အဆိုပါခရီးသည်တင်ကားမိုင်းဆွဲခံရတာနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးKNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဦးကျော်မြင့်ထံကို DNA ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

Photo စစ်တပ်ထောက်ခံတယ်လီဂရမ်