လာလီဂါဟာ လူမျိုးရေးခွဲခြားသူတွေ ကြီးစိုးရာနေရာဖြစ်လာပြီလို့ ဗင်နစ်ရှပ်စ် ဝေဖန်

မေ၊ ၂၂

စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲဟာ လူမျိုးရေး ခွဲခြား စော်ကားတတ်သူတွေရဲ့ ကြီးစိုးနယ်မြေ ဖြစ်လာပြီလို့ ရီးရဲလ်မက်ဒရစ် ကစားသမားလေး ဗင်နစ်ရှပ်စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

သူဟာ ရီးရဲလ်က ဗလန်စီယာ အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ အိမ်ရှင် ပရိသတ်တွေရဲ့ ဆိုးဆိုးရွားရွား လူမျိုးရေး ခွဲခြား လှောင်ပြောင် အော်ဟစ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်ပိုင်းမှာတော့ အသက် ၂၂ နှစ်အရွယ် ဘရာဇီး လက်ရွေးစင်ဟာ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ဗလန်စီယာ ပရိသတ် တချို့နဲ့ အခြေအတင် စကားများတဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ပြိုင်ဘက် ကစားသမား ဟူဂို ဒူရိုနဲ့ တွန်းထိုးရင်း ဒူရိုရဲ့ မျက်နှာကို လက်နဲ့ ရိုက်မိတာကြောင့်လည်း ပွဲပြီးခါနီး နာကျင် အပိုဆောင်းချိန် ၇ မိနစ်မှာ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ပရိသတ်တွေက သူ့ကို ရည်ရွယ်ချက်ရှိရှိ လူမျိုးရေးခွဲခြား လှောင်ပြောင်နေကြတာကို ကွင်းလယ်ဒိုင်ဆီ အသိပေး စောဒကတက်ဖို့ ဗင်နစ်ရှပ်စ်က ကြိုးစားရာက ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အရင်ကလည်း စပိန်လာလီဂါ အသင်းတချို့ရဲ့ ပရိသတ်တွေက ပစ်မှတ်ထား လူမျိုးရေး ခွဲခြားတာတွေ ကြုံခဲ့ရဖူးပါတယ်။

စပိန်လာလီဂါ အမှတ်ပေး ပြိုင်ပွဲဟာ တချိန်တုန်းက ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီတို့လို အထင်ကရ ဘောလုံးကြယ်ပွင့်တွေ အခြေချရာ နေရာ ဖြစ်ခဲ့ပေမယ့် အခုတော့ လူမျိုးရေး ခွဲခြားသူတွေသာ ကြီးစိုးတဲ့ နယ်မြေ ဖြစ်သွားခဲ့ပြီလို့ ပွဲအပြီးမှာ ဗင်နစ်ရှပ်စ်က Instagramပေါ် ရေးသားထားခဲ့ပါတယ်။

သူဟာ ဘောလုံးကွင်းထဲမှာ လူမျိုးရေး ခွဲခြားခံရတာ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မကတော့ကြောင်း၊ လူမျိုးရေး ခွဲခြားမှုဟာ လာလီဂါမှာ သာမန် အခြေအနေတခု ဖြစ်နေပြီး ပြိုင်ပွဲ တာဝန်ရှိသူတွေကလည်း သာမန်ကိစ္စလို့ပဲ လက်ခံထားကြောင်း၊ ဘောလုံးအဖွဲ့ချုပ်မှာလည်း ဒီသဘောထားပဲ ရှိနေပြီး ပြိုင်ဘက် အသင်းတွေကလည်း လူမျိုးရေး ခွဲခြားမှုကို အားပေးအားမြှောက် လုပ်နေကြောင်း ဗင်နစ်ရှပ်စ်က စွပ်စွဲခဲ့ပါတယ်။

သူဟာ လူမျိုးရေး ခွဲခြားမှုတွေကို သီတင်းပတ်တိုင်း ရင်ဆိုင်နေရကြောင်း၊ သူ့အတွက် ဘာအကာအကွယ်မှ မရှိနိုင်ဘူးဆိုတာ သဘောပေါက်ထားကြောင်း၊ ဒါပေမဲ့ သူဟာ သန်မာသူ တဦးဖြစ်သလို လူမျိုးရေး ခွဲခြားမှုတွေကိုလည်း အစွမ်းကုန် ဆက်လက် တွန်းလှန်နေမှာဖြစ်ကြောင်း ဗင်နစ်ရှပ်စ်က ရေးသားထားခဲ့ပါတယ်။

စပိန် လာလီဂါ အဖွဲ့ချုပ်ကတော့ သူတို့ဟာ အခုလို အမူအကျင့်ဆိုးတွေကို နှစ်ပေါင်းများစွာ အချိန်ယူ တိုက်ဖျက်နေခဲ့ကြောင်း၊ ဒါ့အပြင် ဘောလုံး အားကစားရဲ့ စံတန်ဖိုးကိုလည်း ကွင်းတွင်းကွင်းပြင် မြှင့်တင်ဖို့ အစဉ်တစိုက် ကြိုးစားနေကြောင်း တုံ့ပြန်ထားပါတယ်။

ရီးရဲလ် အသင်းရဲ့ မန်နေဂျာ ကာလို အန်ဆလော့တီကတော့ သူ့ကစားသမားအပေါ် ပရိသတ်တွေက လွန်လွန်ကျွံကျွံ လူမျိုးရေး ခွဲခြားနေတာကို သိလျက်နဲ့ ပွဲကို မရပ်နားစေခဲ့တဲ့ ကွင်းလယ်ဒိုင်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ အခုဖြစ်စဉ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း၊ ပြောရမယ်ဆိုရင် တကွင်းလုံးက လူမျိုးရေးခွဲခြား လှောင်ပြောင်တာတွေ အော်ဟစ်နေခဲ့တာဖြစ်ကြောင်း အန်ဆလော့တီက ဝေဖန်သွားပါတယ်။

ဗလန်စီယာ အသင်းကတော့ ဘောလုံးမှာ အခုလို လူမျိုးရေး ခွဲခြားပြီး နှိမ့်ချတာ၊ စော်ကားတိုက်ခိုက်တာတွေကို အလေးအနက် ရှုတ်ချကြောင်း၊ အခုဖြစ်ရပ်အတွက် စိတ်မကောင်းကြောင်း၊ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်သလို အလားတူ ထပ်မကြုံရအောင် တင်းကျပ်တဲ့ စည်းမျဉ်းတွေ သတ်မှတ် ကိုင်တွယ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လာလီဂါဖက်ကတော့ ယုံကြည်စိတ်ချရတဲ့ ဗီဒီယို အထောက်အထားတွေကို ရှာဖွေနေပြီး လူမျိုးရေး ခွဲခြားမှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတာ ထင်ရှားတဲ့ လူပုဂ္ဂိုလ် တဦးချင်းစီကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောကြားသွားပါတယ်။ ဗင်နစ်ရှပ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ ခုအတွင်း ပြိုင်ဘက်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကို အနည်းဆုံး ၉ ကြိမ်ထိ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

 

Ref: BBC