မန္တလေးမှာလည်း မုန်တိုင်းအတွက် အရေးပေါ်တုံံ့ပြန်ကူညီပေးနိုင်ဖို့ လူမူရေးအဖွဲ့တွေ ပြင်ဆင်ထား

မေ၊ ၁၂

ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း( Severe Cyclonic Storm) “မိုခါ(MOCHA)” ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်နိုင်တဲ့ မန္တလေးမြို့မှာလည်း မုန်တိုင်နဲ့ ပက်သက်ပြီး အရေးပေါ်တုံပြန်ကူညီမှုတွေ ပေးနိုင်ဖို့ သက်ဆိုင်ရာလူမူရေးအသင်းတွေက ပြင်ဆင်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မြန်မာစံတော်ချိန်မနက် ကိုးနာရီခွဲက တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)မိုခါဟာဟာ မြောက်ယွန်းယွန်းကိုရွေ့ချားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အဖြစ် ရောက်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးမြို့က  ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးစတဲ့ မြို့နယ်တွေမှာ မုန်တိုင်းနဲ့ပက်သက်ပြီး အသိပေးမှုတွေကို မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာတွေ ပူးပေါင်းပြီး လိုက်လံအသိပေးတာတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

” တချို့ပရဟိတအသင်းတွေနဲ့ မီးသတ်တွေကတော့ လိုင်းပေါ်မှာ မုန်တိုင်းနဲ့ပတ်သတ်ပြီး ပြင်ဆင်တာတွေ အသိပေးတာတော့တွေ့တယ်။ ဟိုရက်ကလည်း ရပ်ကွက်ထဲ မုန်တိုင်းရှိတယ်။ လေပြင်းတိုုက်မယ်။ ပြင်ဆင်ထားဖို့ သတိထားဖို့ အော်သွားတာရှိတယ်။ ဒီမှာကသိရသလောက်တော့ မိုးရွာတာများဖို့ပဲရှိတာပါ အရမ်းကြီးတော့ စိုရိမ်စရာမလိုဘူးထင်တယ်။ မနေ့ကညပိုင်းကလည်း မိုးရွာတယ်လေ ။အမှန်တိုင်ပြောရရင် မိုးမရွာတာကြာတော့ အခုမိုးရွာတာတောင် ဘယ်လိုပြောမလဲ အဆင်ပြေတယ်ပြောရမှာပေါ့ အပူသက်သာတယ်လေဗျ ” လို့ အသက် ၃၀ ဝန်းကျင် ချမ်းအေးသာစံမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

လူမူကူညီရေး အသင်းတွေအနေနဲ့ သဘာဝဘေးနဲ့ ပက်သက်ပြီး ကူညီလုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အရန်သင့်အနေအထားမှာရှိသလို ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အခြားအထောက်အကူပြု ပစ္စည်းတွေကို သိုလှောင်ထားတယ်လို့ အဲဒီအသင်းအဖွဲ့တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

” အဓိကတော့ သောက်သုံးရေပေါ့။ ရိက္ခာတွေ ပြင်ဆင်ရတာတွေရှိကြတယ်။ မီးသတ်တွေကတော့ ရေယာဉ်တွေ ၊ကားတွေ ကယ်ဆယ်ရေးပစ္စည်းတွေပြင်ဆင်နေကြတယ်။ မြို့ကလူထုကတော့ မုန်တိုင်းအပေါ်မှာ သိပ်ပူပန်တာမျိုးတော့မရှိပါဘူး ရိက္ခာဝယ်စုကြတာလည်း မကြားမိဘူး။ မုန်တိုင်းဒဏ်က ဒီဖက်ကျတော့ သိပ်မခံရနိုင်ဘူးလေ အဲဒါ့ကြောင့်လည်းပါတယ် ” လို့ သူကဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲဖြစ်တည်နေတဲ့ မုန်တိုင်းငယ်ဟာ “မိုခါ”မုန်တိုင်းအဖြစ် အမည်ပေးလို့ရတဲ့ အဆင့်ရှိ မုန်တိုင်းတခုဖြစ်လာပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းမြောက်ပိုင်းကို ဦး တည်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမတ်လ ၁၁ ရက် မနေ့က  ထုတ်ပြန် ပါတယ်။

မုန်တိုင်းကြိုတင်သတိပေးချက် သတ်မှတ်ချက်တွေအရ လိမ္မော်ရောင်အဆင့်သတ်မှတ်မှုဟာ မြန်မာနိုင်ငံဘက်ကို ချဉ်းကပ်လာနေတယ်ဆိုတဲ့သဘောဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ကမ်းရိုးတန်းကို ဖြတ်ကျော်တော့မယ့် အချိန်မှာတော့ အနီရောင် အဆင့်မုန်တိုင်းအဖြစ် သတ်မှတ်ခံရမှဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့  ထုတ်ပြန်ချက်အရ မိုခါဆိုင်ကလုန်းမုန် တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကြားကနေဖြတ်ကျော်ဝင်ရောက် နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီမုန်တိုင် အရှိန်ကြောင့် ကုန်တွင်းပိုင်း ဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊  ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှု အားကောင်းနိုင်သလို လေပြင်းတိုက်ခတ်မှုတွေလည်း ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

” မိုးဆက်တိုက်ရွာနေရင်တော့ အခက်အခဲရှိနိုင်သလားဆိုရင် နေ့တိုင်းရွာဖို့တော့ လမ်းမမြင်ဘူး ။ဘာလို့လည်းဆိုတော့ မိုးခေါင်တယ်လေ။ တခုပဲလေပြင်းတိုက်မှာပဲ ပူရတာပေါ့။ လူမူရေး အဖွဲ့တွေက အားကောင်းပါတယ် တခုခုဆို ဝိုင်းလုပ်ကြမယ်သူတွေပေါတယ်။ အဲလိုမျိုးတော့ သံဃာတွေအတွက် ဆွမ်းမရမှာ တို့ဘာတို့က အရမ်းကြီးတော့ စိတ်ပူစရာမရှိဘူးထင်တယ် ။ဒါပေမယ့် သတိထားမယ်ဆိုရင်တော့ ကောင်းတာပေါ့ ” လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။