ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကောင်စီမီးရှို့

မေ၊ ၇
 
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာကို အင်အားတရာ့ငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မေ ၆ ရက်၊ မနေ့က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
” အိမ်ခြေနှစ်ရာလောက်ရှိတဲ့ရွာဟာ ဆယ်အိမ်ဝန်းကျင်လောက်ပဲကျန်ခဲ့မယ်ထင်တယ် ” လို့ ထီးလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဒါပေမယ့်စစ်ကောင်စီစစ်ကြောင်းဟာ အကြည်ဘန်းကျေးရွာနဲ့ နှစ်မိုင်အကွာလောက်မှာပဲရှိနေသေးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးလို့ တိတိကျကျမသိရသေးဘူးလို့လည်း ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းရဲ့မီးရှိူ့မူကြောင့် အိမ်ခြေ (၁၇၀) ဝန်းကျင်ရှိတဲ့ အကြည်ဘန်းရွာဟာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အနည်းငယ်သာကျန်ရှိပြီး တရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ အဆက်မပြတ်တင်ဆက်နေတဲ့ ယောအလင်းတန်းက ဖော်ပြပါတယ်။
 
“ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်အနည်းငယ်သာကျန်ရှိပြီး တရွာလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ပျက်စီးမှုအခြေအနေကို အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးပဲ ဆက်လက်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ် ” လို့ ဆိုပါတယ်။
 
အကြည်ဘန်းရွာကို မီးရှိူ့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ထီးလင်းမြို့နဲ့ ကျောက်ထုမြို့က ထွက်လာတဲ့ စစ်ကြောင်းနှစ်ခု ပူးပေါင်းထားတဲ့အဖွဲ့ဖြစ်ပြီး မေ ၅ ရက်က အကြည်ဘန်းရွာကို ဝင်ရောက်ခဲ့ပြီး ညအိပ်ကာ မေလ ၆ ရက်၊ မနက်ပိုင်းမှာ ရွာကိုမီးရှိူ့ခဲ့တာဖြစ်ပါတယ်။
 
” ခုသူတို့လုပ်နေတာက မြေလှန်မီးရှို့စနစ်ကိုလုပ်နေတာ။ စစ်ကြောင်းကလည်း အင်အားများတယ်။ ထီးလင်း၊ ရွှေအောင်သာ၊ ကျောက်ထု အထိုင်တပ်သုံးခုပေါင်းပြီး စစ်ကြောင်းထိုးနေတာ ” လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
အကြည်ဘန်းကျေးရွာဟာ ထီးလင်းမြို့အရှေ့ဘက် ကိုးမိုင်အကွာမှာရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူထောင်ဂဏန်းလောက် တိမ်းရှောင်နေကြရပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတဲ့အတွက် အခက်အခဲတွေများစွာရှိနေတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီရဲ့ အဲဒီစစ်ကြောင်းဟာ အလယ်ဘန်းရွာမြောက်ဖက်နားအထိ ရှေ့ပြေးကင်းယူထားပြီး အညာဘန်းရွာမြောက်ဖက်နားအထိ ရောက်ရှိနေတယ်လို့သိရပြီး အကြည်ဘန်းရွာမှာ ဆက်လက် ရှိ၊ မရှိဆိုတာ မသိရသေးဘူးလို့လည်း ယောအလင်းတန်းက ဖော်ပြပါတယ်။
 
မဲစာရင်းအကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တနိုင်ငံလုံးမှာ အိမ်ခြေပေါင်း ခြောက်သောင်းကျော် မီးရှို့ဖျက်စီးခံရပြီး မကွေးတိုင်းက ကိုးထောင်ကျော်ပါဝင်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
 
ပြည်တွင်းစစ်ရှောင်ဦးရေဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ အထိ နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိလာပြီး မကွေးတိုင်းက သုံးသိန်းနှစ်သောင်းကျော်ပါဝင်တယ်လို့ ISP-Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ