ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းရေး အတူတကွကြိုးစားသွားဖို့ NUG က AA ဆီသဝဏ်လွှာပို့

ဧပြီ၊ ၁၀
 
နိုင်ငံရဲ့ လက်ရှိအချိန်အခါအရ ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွစုစည်းညီညွတ်စွာ ကြိုးစားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ရခိုင့်တပ်တော် (AA) တည်ထောင်ခြင်း (၁၄)နှစ်မြောက်နှစ်ပတ်လည်အတွက် သဝဏ်လွှာပေးပို့လိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတော်လှန်စစ်ဆင်ရာမှာ ရခိုင့်တပ်တော်ဟာ အဖိနှိပ်ခံလူထုနဲ့အတူ ရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေကို လက်တွဲကူညီပံ့ပိုးပေးနေတယ်လို့လည်း အဲ့ဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရခိုင့်တပ်တော် (AA) တပ်ဖွဲ့ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်က KIO/KIA ရဲ့ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ တပ်ဖွဲ့တည်ထောင်မှု ၁၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ရခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ဟာ အာဏာသိမ်းပြီးနောက် လပိုင်းအကြာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် လက်ရှိမှာ အပစ်အခတ်ရပ်စဲထားကြတာပါ။ ဒီကနေ့ကျရောက်တဲ့ AA တပ်ဖွဲ့ (၁၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂျပန်၊ မလေးရှား စတဲ့ ပြည်ပနိုင်ငံတချို့မှာလည်း ကျင်းပခဲ့ပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်ထားပေမယ့် နွေဦးတော်လှန်တပ်ဖွဲ့တချို့ကို AA က ကူညီထောက်ပံ့ပေးမှုတွေရှိပြီး ဒီကနေ့နှစ်ပတ်လည်နေ့မှာလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့တချို့ အပါအဝင် နွေဦးတော်လှန်ရေး ကာလအတွင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက AA တပ်ဖွဲ့ နှစ်ပတ်လည်အတွက် သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
AA တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ သဝဏ်လွှာပေးပို့တဲ့ မှတ်တမ်းတွေအရ ဒီကနေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် NUG လက်အောက်ခံ မန္တလေး PDF၊ မန္တလေး က CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကျန်းမာရေးမိသားစု မန္တလေး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ဆယ်ဖွဲ့ထက်မနည်း က သဝဏ်လွှာတွေပေးပို့ထားကြပါတယ်။
 
စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့အတွင်း လှုပ်ရှားတဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့က ပူးတွဲပေးပို့တဲ့ သဝဏ်လွှာမှာတော့ လက်ရှိတော်လှန်ရေးကာလမှာ စတင်ပေါ်ပေါက်လာပြီး အဖိနှိပ်ခံလူမျိုး၊ လူတန်းစား အသီးသီးအတွက် ရပ်တည်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ရခိုင့်တပ်တော်က ကူညီပံ့ပိုးပေးမှု၊ သင်ကြားပေးမှုတွေအတွက် ကျေးဇူးအထူးသိနေမှာဖြစ်သလို ကူညီမှုတွေကို အသုံးချပြီး ကြံ့ကြံ့ခံဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် AA တပ်ဖွဲ့ရဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ် MNDAA တို့ကလည်း စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ ခိုင်ခိုင်မာမာလက်တွဲပြီး တိုက်ပွဲဝင်ကြရမှာဖြစ်တယ်လို့ သဝဏ်လွှာ ပေးပို့ထားပါသေးတယ်။
 
အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးရှိ လူထုနဲ့ ရပ်ရွာတွေ သတ်ဖြတ်မီးရှို့ခံရမှုတွေနဲ့အတူ မသေချာ မရေရာမှုတွေနဲ့ ပြည်နှက်နေတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ရေး စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ ခိုင်မာစွာ လက်တွဲကာ တိုက်ပွဲဝင်ကြရမယ်လို့ TNLA နဲ့ MNDAA တို့က ပူးတွဲပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရခိုင့်တပ်တော် (AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ကြံ့ကြံ့ခံဆက်လက်ရပ်တည်ကြဖို့ ပြည်တွင်းက ရခိုင်ပြည်သူတွေနဲ့ အဝေးရောက်ရခိုင်ပြည်သူတွေကို သူ့ရဲ့နှစ်ပတ်လည်မိန့်ခွန်းကတဆင့် တိုက်တွန်းပြောဆိုပါတယ်။
ရခိုင့်တပ်တော်ရဲ့ ၁၄ နှစ်တာကာလအတွင်း ဖြတ်သန်းထိုးဖောက်မှု တိုက်ပွဲတွေမှာ အသက်နဲ့ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ၊ ယုံကြည်ချက်အပြည့်နဲ့ တိုက်ပွဲဝင်ရန် အသင့်ရှိတဲ့ တာဝန်အသီးသီးကို ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို အလေးအနက် ဂါရဝပြုတယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
ဓာတ်ပုံ – AA
ပုံစာ – ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ရခိုင့်တပ်တော် ဆယ်နှစ်ပြည့် နှစ်ပတ်လည်