ပုလောမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါး၊ စစ်ကောင်စီပစ်လို့အရပ်သားတဦးသေဆုံး

ဧပြီ၊ ၉
 
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ကပစ်လို့ တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ မနေ့က ပဝတ်ကုန်းမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ လမ်းသွားလမ်းလာပြည်သူတွေ ပစ်ခံရတာ၊ အယ်.. ရွာက လမ်းမကြီးဘေးပဲလေ၊ သူတို့ဟာ သူတို့ ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာ၊ အဲအချိန်က တိုက်ပွဲဖြစ်နေတဲ့အချိန်၊ သူတို့လည်း မသိဘူးဖြစ်မှာပေါ့။ လူကြီးပိုင်းတွေပါသလို၊ ကလေးတယောက်လည်း ပါတယ်၊ အားလုံး လေးယောက်၊ ငါးယောက်တော့ ရှိမယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကလေ။ အခုသိရသလောက်တော့ သူတို့ ပဝတ်ကုန်းရွာကလည်း ပါတယ်၊ တခြားရွာကလည်း ပါတယ်၊ တိတိကျကျတော့ မသိရဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သူတွေအနက် အသက် (၃၀)နှစ်ကျော်အရွယ် ပဝတ်ကုန်းရွာသားတဦးက ဒဏ်ရာပြင်းထန်နေတာကြောင့် ပုလောဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းနဲ့ မနေ့ကပဲ သေဆုံးသွားပြီး ကျန်တဲ့သူတွေကတော့ လက်နဲ့ခြေထောက်တွေမှာ ကျည်ရှပ်ထိဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တဲ့အတွက် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၇ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
 
အဲနောက် ဧပြီလ ၈ ရက်နံနက်ပိုင်းမှာတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ပဝတ်ကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြား ဖြည့်တင်းပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ ၇ နာရီနီးပါးကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
“ တိုက်ပွဲက ဧပြီ ၇ ရက်နေ့ညနေမှာ သူတို့စစ်ကြောင်းကို မိုင်းဆွဲတယ်၊ အဲမှာ အပြန်အလှန်ပစ်ခတ်မှု ခဏဖြစ်တယ်၊ ဒါပေမယ့် အဲဒီညတွေမှာတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေ ရမ်းပစ်နေတာတော့ ရှိတယ်၊ တိုက်ပွဲက ဆက်မဖြစ်ဘူး၊ မနက်ပိုင်းရောက်တော့ စစ်ကောင်စီက အင်အားအများကြီးဖြည့်ပြီး ထပ်ဝင်လာတယ်၊ ပဝတ်ကုန်းဘက်ကို စစ်ကြောင်း ၂ ခုခွဲပြီး ဝင်လာတာ၊ အဲမှာ ထပ်ဖြစ်တာ တော်တော်ကြာတယ်၊ ၆ နာရီ ၇ နာရီလောက်ရှိမယ်၊ ဖြစ်ကြတာလေ၊ သူချ၊ ကိုယ်ချပဲ။အဲမှာ အရပ်သားတစ်ချို့ ထိခိုက်တာရှိတယ်၊ တယောက်သေတယ်လို့ သိရတယ်။ ဟိုကောင်တွေ ပစ်တာပေါ့ ” ဟု ၎င်းက ပြောပါတယ်။
 
နှစ်ရက်တာ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနိုင်တာကို အတည်ပြုပေးနိုင်ပေမယ့် အရေအတွက် အတိအကျကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှာတော့ တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ တိုက်ပွဲထိခိုက်သေဆုံးမှုနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပဝတ်ကုန်းကျေးရွာဟာဆိုရင် အဝေးပြေးလမ်းမကြီးဘေးတွင်တည်ရှိနေပြီး အဲဒီကျေးရွာတွေဘက်မှာ စစ်ကောင်စီတွေ ခြုံခိုတိုက်ခိုက်ခံရတာ၊ မိုင်းဆွဲခံရတာနဲ့ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ နေရာတွေ ဖြစ်ပါတယ်။
 
အဲဒီအနီးအနားပတ်ဝန်းကျင်က ဒေသခံအားလုံးနီးပါးကတော့ ဘေးလွတ်ရာကို ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် တိုက်ပွဲငြိမ်သက်တဲ့ကာလမျိုးတွေမှာတော့ နေအိမ်ကို ခဏတဖြုတ်ပြန်လာတတ်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
လက်ရှိမှာတော့ ပဝတ်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်တပ်စွဲထားသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း အဲဒီနေရာအနီးတဝိုက်မှာ စစ်ရေးအသင့်အနေအထားမှာ ရှိနေတာကြောင့် နှစ်ဖက်ပစ်ခတ်မှု အချိန်မရွေးပြန်လည်ဖြစ်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုထားပါတယ်။
 
အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူအရပ်သား ၃၂၂၅ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – CJ