ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေအတွက် ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံဖို့လိုအပ်နေ

ဧပြီ၊ ၃၀
 
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီအဖွဲ့ လက်အောက်ခံ တရားရုံးတွေက ချမှတ်ထားတဲ့ အမှုတွေအတွက် အထူးအယူခံတက်မယ့် ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ရှေ့နေဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့လိုအပ်နေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
” ရှေ့နေအဖွဲ့နဲ့တော့ တွေ့ခွင့်မရသေးဘူးလေ။ ဟိုတလောကလား ပစ္စည်းပို့ပေးလို့ရတယ်ဆိုပြီး အဲဒီလိုပဲကြားတယ်။ အထူးအယူခံတက်ဖို့ အယူခံရက်တွေကတော့ မကျော်လောက်သေးဘူး။ ဘာလိုလည်းဆိုတော့ သဘောက အောက်ရုံးက အမိန့်တွေကူးဖို့လိုသေးတယ်လေ၊ ဒါကလုပ်နေကျ ပုံစံပါပဲ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်အပေါ် ကနဦးအမိန့်ချထားတဲ့ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့အမှု ၆ မှုအတွက် အယူခံကို အဆင့်ဆင့်တက်ခဲ့ပြီး စစ်ကောင်စီတရားရုံးက ပယ်ချနေတဲ့အတွက် အထူးအယူခံတက်ဖို့ ပြင်ဆင်နေပေမယ့် ရှေ့နေအဖွဲ့နဲ့ ရှေ့နေကိုယ်စားလှယ်စာယူဖို့ တွေ့ခွင့်မရသေးတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
 
စစ်ကောင်စီရဲ့ လက်အောက်ခံ နေပြည်တော်ရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေအနက် နောက်ဆုံးအမှုတွေဖြစ်တဲ့ အဂတိအမှု ၅ မှုနဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တာပါ။
 
အဲဒီနောက်ပိုင်း နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ဟာ တွေ့ခွင့်မရတာ အခုအချိန်အထိဖြစ်ပြီး ရှေ့နေအဖွဲ့က သက်ဆိုင်ရာကို စာတင်ပြီး တောင်းဆိုထားတာ သုံးလေးကြိမ်ထက်မနည်းရှိပေမယ့် စစ်ကောင်စီက ခွင့်မပြုသေးပါဘူး။
 
အလားတူပဲ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကိုတော့ စစ်ကောင်စီက တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးချူပ်နှောင်ထားပြီးတဲ့နောက် သူရဲ့အမျိုးသမီးနဲ့ တွေ့ခွင့်ပေးထားတဲ့အတွက် အယူခံအမှုတွေအတွက် တဆင့်ရယူနိုင်တယ်လို့ တရားရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
 
” သူ့ကို (ဒေါ်အောင်ဆန်းစုကြည်) နောက်ဆုံးအမိန့်ချပြီးတော့ တွေ့ခွင့်မရတာဆိုရင်တော့ ၄ လလောက်တော့ ရှိမှာပေါ့။ သူကိုတွေ့ဖို့တော့ ပြောနေတာပဲ သိထားသေးတယ်။ ကျန်တာကတော့ မသိရသေးဘူး ” လို့ နေပြည်တော်က တရားရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
 
အသက် ၇၈ နှစ်ရှိပြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏသိမ်းပြီးနောက် သူမကို အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုတွေအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားပြီးနောက် နေပြည်တော်အကျဉ်းထောင်မှာ တဦးတည်းနေထိုင်နေရတာပါ။
 
ဒီလ ၁၉ ရက်နေ့က စစ်အုပ်စုရဲ့ ပြည်ထောင်စုတရားလွှတ်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲချမှတ်ထားတဲ့ အဂတိအမှုနဲ့ပက်သက်ပြီး အယူခံတက်တာကို လက်ခံလိုက်သလို ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ – ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ – ၃ (၁) (ဂ) အမှုတွေကို ပြင်ဆင်မှုအဖြစ် လက်ခံထားပါတယ်။
 
” ပုံမှန်ဆိုရင်တော့ ပြည်ထောင်စုတရားလွှတ်တော်က အမှုခေါ်ရင် ၂၁ ရက်ကြိုခေါ်ပါတယ်။ သူတို့သတ်မှတ်တဲ့ရက်ကို နှစ်ဖက် အပြန်အလှန်လျှောက်လဲချက် တင်ရမှာပေါ့ ” လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေတဦးက ဆိုပါတယ်။ 
ဓာတ်ပုံ – Social Media