တမူးမြို့တောင်ပိုင်းဘုတ်ကန်ရွာရဲကင်းစခန်းသိမ်းပိုက်ခံရ၊မြောက်ပိုင်းကွန်းတောင်ရွာမှာတိုက်ပွဲဆက်ဖြစ်နေ

မတ် ၊ ၂၄

စစ်ကိုင်းတိုင်း၊တမူးမြို့ တောင်ဘက် ဘုတ်ကန်ရွာက စစ်ကောင်စီရဲကင်းစခန်းတခုကို ဒီကနေ့ မနက် ၇ နာရီကျော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော်(N.L.A) ကထုတ်ပြန် ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း အပြန်အလှန်ထိတွေ့ပစ်ခတ်ချိန် ၄၅မိနစ်လောက်ကြာခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖြစ်တဲ့ NLA ဟာ အဲ့ဒီရဲကင်းစခန်းကနေ လက်နက်ငယ်(၁၅)လက်နဲ့ ခဲယမ်း တွေအပါအဝင် ဆက်စပ်တိုက်ခိုက်ရေးပစ္စည်းတွေ၊ရဲတပ်ဖွဲ့အသုံးအဆောင်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘုတ်ကန်ရွာဟာ တမူးမြို့တောင်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အကွာမှာရှိပြီး ကလေး-တမူးကားလမ်းပေါ်က အိမ်ခြေထောင် ဂဏန်းရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။အိန္ဒိယမြန်မာနယ်စပ်မျဉ်းနဲ့လည်း နီးနီးကပ်ကပ်ရှိပြီး ဘုတ်ကန်ရွာအနီး အိန္ဒိယနိုင်ငံဘက်ခြမ်းမှာလည်း လူနေရွာတရွာရှိပါတယ်။

ဒီကနေ့ တိုက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော်(N.L.A)ကတာဝန်ရှိသူတွေကို အသေးစိတ် ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။ အမျိုးသားလွတ်မြောက်ရေး တပ် တော် (N.L.A)ဟာ NUG လက်အောက်ခံ တမူး၊ကဘော်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) အဖြစ်ကနေ အခုလဆန်းကမှ အမည်ပြောင်းရပ်တည်ခဲ့တာပါ။

တမူးမြို့အနီးမှာ မတ်လ ၂၃ရက် မနေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါအသုံးပြုနေတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေဆီ ကသိရပါတယ်။

တမူးမြို့မြောက်ဘက် ရှစ်မိုင်အကွာက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီတပ်က သိမ်းပိုက်ဖို့ ကြိုးစားရာက မနေ့က မနက်ပိုင်းကစလို့ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်တွေက ကနဦးစခန်းကနေ စွန့်ခွာပေးခဲ့ပြီးနောက် ပြန်လည်တိုက်ခိုက်တာကြောင့် နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ကရော ဒီကနေ့မှာပါ လေကြောင်းအသုံးပြုတိုက်ခိုက်ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်စခန်းကို မသိမ်းပိုက်နိုင်သေးဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း မနေ့က နှစ်ဦးကျဆုံးကာ ဒီကနေ့ တိုက်ပွဲအတွင်း တဦးထပ်မံကျဆုံးခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မနေ့က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုပ်ခဲ့သလို ဒီကနေ့မှာလည်း လေ ကြောင်းကနေ လေးကြိမ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ တမူးဒေသခံတဦးကပြောပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ကွန်းတောင်းရွာခံပြည်သူတွေနဲ့ အနီးအနားရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။