မန္တလေးတိုင်း စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်တဲ့နေရာ အနီးဗုံးလေးလုံးကွဲ

မတ် ၊ ၂၄

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်နေတဲ့နေရာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။

ဒီကနေ့ မတ်လ ၂၄ ရက်၊ နေ့ခင်း ၁၁ နာရီ လောက်မှာ ၆၅ လမ်း၊ ၂၄ လမ်းနဲ့ ၂၅ လမ်းကြား မဟာဇေယျာဘုံရပ်ကွက်မှာ ဗုံး ၄ လုံးကွဲခဲ့တာဖြစ်သလို ပေါက်ကွဲမှုဖြစ်တဲ့နေရာက မန္တလေးတိုင်းအစိုးရရုံးနဲ့ ကပ်လျက်မှာရှိတယ်လို့ ဒေသခံ တဦးကပြောပါတယ်။

” ပေါက်ကွဲမှုဖြစ်တာတော့သိတယ်ဗျ။ ၆၅ လမ်းပေါ်က လမ်းအနောက်ရှိတဲ့ အိမ်တွေကို ရဲတွေသေန်တွေကိုင်ပြီး စစ်ဆေးတာတွေလုပ်နေတယ်။ အထိအခိုက်တော့ ရှိမယ်သေချာမသိရဘူး ဘာလိုဆိုတော့ လူမူရေးကားတွေလာတာတွေ့လိုက်တယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

မန္တလေးက မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ သပြေညိုသတင်းလွှာမှာတော့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ပဒေသာမိုင်းဟု ယူဆရတဲ့ မိုင်းသံအကျယ်ကြီး(၃)ချက်ဆင့်ကြားရပြီး မိုင်းဆွဲခံရတယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် အမှတ်(၃)ရဲစခန်းအတွင်းမှ ရဲတွေထွက်လာချိန်မှာ ပေါက်ကွဲမှုတကြိမ်ထပ်ဖြစ်ခဲ့တယ်လို့လဆိုပါတယ်။

စစ်အုပ်စုနဲ့ နီးစပ်သူတွေကတော့ အဲဒီနေရာအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း ၂ လုံးတွေ့တာကြောင့် ပေါက်ခွဲဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

” အဲဒီပေါက်င်္ကွဲတဲ့နေရာက အမှတ် ၃ ရဲစခန်းရဲ အရှေ့ဖက်ကပ်လျက်လမ်းပေါ်ဖြစ်သွားတာ။ အဲဒီအနားသွားတဲ့လူတွေကတော့ တိုင်းရုံးက လုံခြုံရေးယူတဲ့ စစ်အုပ်စုရှိပါတယ်။ လမ်းကတော့အမြဲတမ်းပိတ်ထားတက်တယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဒေသကာကွယ်ရေး ပြောက်ကျားအဖွဲ့တွေက ဒီသတင်းရေးသားနေချိန်အထိ ထုတ်ပြန်ထားတာရှိသေးသလို ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာ DNA ကရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မကြာသေးခင်က မန္တလေး၊ပို့ဆောင်ဆက်သွယ်ရေးရုံးကိုလက်လက်မိုင်းနဲ့တိ်ုက်ခိုက်ခံရပြီး ငါးဦးခန့်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်၊နေ့ခင်း ၁ နာရီလောက်ကလည်း မှန်တန်းရပ်ကွက် ၊စစ်ကိုင်း- မန္တလေးသွားကားလမ်းမပေါ်ရှိ အမရပူရမြို့နယ် တရားရုံးကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဗုံးပေါက်ကွဲတိုက်ခိုက်ခဲ့တာကြောင့်ရာအိမ်မှူးနှစ်ဦး၊ ရဲတပ်သားတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တနိုင်ငံလုံးမှာလက်ပစ်ဗုံး၊ လက်လုပ်မိုင်းနဲ့တိုက်ခိုုက်ခံရတဲ့အကြိမ်ပေါင်း ၈၅၀၀ ကျော်ရှိပြီး ၅၄၄၃ ဦးသေဆုုံး၊ ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပါတယ်။