ကျောက်ကြီးမှာ ကားမိုင်းကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့

မတ်၊ ၂၁

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်မှာ ခရီးသွားယာဉ်တစီးကာမိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦးအပါအဝင် သုံးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက DNA ကို ပြောကြားပါတယ်။

ကျောက်ကြီးမြို့မှနတ်သံကွင်းကျေးဘက်ကိုမောင်းနှင်လာတဲ့”ဝင်းရတနာ”ယာဉ်လိုင်းကLight Truck ခရီးသည်တင်ယာဉ်ဟာမတ်လ ၂၀ ရက်၊ မနက် ခြောက်နာရီခွဲကျော်မှာညောင်ကုန်းတံတားအနီးရောက်ရှိစဉ် ကားမိုင်းတစ်လုံးကိုနင်းမိခဲ့တယ်လို့ သိရပါတယ်။

့ကားမိုင်းပေါက်ကွဲခဲ့ပြီးခရီးသည်တွေဖြစ်တဲ့အသက် ၂၀ နှစ်ကျော်အရွယ်အမျိုးသမီးတဦးနဲ့အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသား နှစ်ဦးသေဆုံးခဲ့ကာ ယာဉ်မောင်းဖြစ်သူ အပါအဝင် အသက် ၃၀ နှစ်ကျော်အရွယ် အမျိုးသမီးတဦး တို့မှာခြေလက်တို့တွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ညောင်ကုန်းကျေးရွာလူမှူကူညီရေးအသင်းဝင်တဦးကပြောပါတယ်။

” တံတားမှာမိုင်းထောင်တာကြောက်လို့ရှောင်ရင်းထိသွားတာ။ ကားကတော့Light Truck အမျိုးအစားပါပဲ။ ခရီးသည် ၃ ဦးကနေရာမှာပွဲချင်းပြီးသေတယ်။ ကျန်တဲ့ယာဉ်မောင်းနဲ့အမျိုးသမီးတစ်ဦးကတော့လက်တွေခြေထောက်တွေထိသွားတယ်။ သေဆုံးတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကျောက်ကြီးဆေးရုံပို့ထားပါတယ်” လို့သူကပြောပါတယ်။

ကားမိုင်းပေါက်ကွဲရာမှာသေဆုံးခဲ့သူနဲ့ထိခိုက်ဒဏ်ရာရရှိသူခရီးသည်တွေဟာကျောက်ကြီး မြို့ခံတွေဖြစ်ပြီး နတ်သံကွင်းနဲ့ရွှေကျင်ဘက်ကိုသွားရောက်သူတွေဖြစ်တယ်လို့လူမှုကူညီရေးအသင်းဝင်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေကြောင့် သေဆုံးသူ၊ မသန်စွမ်းဖြစ်ရတဲ့သူတွေ များပြားလာနေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေကြောင့် ၂၈၈ ဦးထိခိုက်ခဲ့ရာမှာ ၁၀၂ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၃၉၀ ဦးအထိထိခိုက်သေဆုံးနှုန်းုမြင့်တက်ခဲ့ကာ ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်၊ မြေမြှပ်မိုင်းအသုံးပြုခြင်းကိုတားဆီးခဲ့ စာချုပ်ကိုလက်မှတ်ရေးထိုးထားတာမရှိသေးပါဘူး။

ပြည်တွင်းစစ်ကြာရှည်စွာဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဗိုင်းကို စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပါ အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။