ဖမ်းဆီးခံ ဇွဲတွန်ရွာသားတွေကို ရက် ၂၀ ကြာခဲ့ပေမဲ့ ပြန်မလွှတ်သေ

ပုံစာ-ဇွဲတွန်စစ်ဆေးရေးဂိတ်
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဇွန်တွန်ရွာသား ၂၃ ဦးကို ဖမ်းဆီးခဲ့တာ ရက်၂၀ ကြာခဲ့ပေမဲ့ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
ဧပြီ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့က ပဲခူး-သက္ကလ-ခရမ်းကားလမ်းမပေါ်ရှိ ဇွဲတွန်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် ပစ်ခတ်မှုနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ ဇွဲတွန်ကျေးရွာသား ၂၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး အုန်းနှဲနဲ့ကဝမြို့ရဲစခန်းတို့မှာ ထိန်းသိမ်းထားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ Kawa Information က ဖော်ပြပါတယ်။
‘ဖမ်းထားတဲ့အထဲက ၂ ဦး ပြန်လွတ်တယ်လို့ ပြောတယ်။တချို့တွေ ရိုက်နှက်စစ်ဆေးခံနေရတာလည်း သေချာတယ်’ လို့ ကဝမြို့နေ တက်ကြွလူငယ်တစ်ဦး ပြောပါတယ်။
အဖမ်းဆီးခံ ပြည်သူတွေကို မိသားစုနဲ့ တွေ့ခွင့်မပြုတဲ့အပြင် တချို့မှာ ရိုက်နှက်စစ်ဆေးခံထားရတယ်လို့ ကဝမြို့ ရဲသတင်းရင်းမြစ်က အတည်ပြုကြောင်း Kawa Information ကဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟာ ခိုးကြောင်ခိုးဝှက် မဟုတ်ဘဲ နေ့ခင်းကြောင်တောင် လာတိုက်တဲ့အပြင် တိုက်ပွဲဗီဒီယိုဖိုင်ပါ သတင်းမီဒီယာတွေ ပေါ်တင်ထားတာကြောင့် ဇွဲတွန် ကျေးရွာသားတွေနဲ့ မသက်ဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြောင်း Kawa Information က ဆိုပါတယ်။
အဲဒီပစ်ခတ်မှုအပြီး သက္ကလ-ခရမ်း ကားလမ်းဘေး နှစ်ပေါင်းများစွာနေလာကာ လမ်းနယ်နိမိတ်နဲ့ လွတ်ကင်းတဲ့ နေအိမ် ၁၀ လုံးကျော် ဖျက်ပေးလိုက်ရကြောင်း သိရပါတယ်။
‘စစ်ခွေးတွေ ဖျက်ခိုင်းလို့ ဖျက်လိုက်ရတာ။ သင်္ကြန်အတက်နေ့ကတည်းက ဖျက်နေကြတာ’ လို့ ကဝမြို့နေ တက်ကြွလူငယ်က ပြောပါတယ်။
သင်္ကြန်အကြိုနေ့က ဇွဲတွန်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး အင်အားစုတွေက လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ အလစ်အငိုက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဇွန်တွန်ဂိတ်တိုက်ပွဲမှာ မိနစ် ၄၀ လောက်ကြာခဲ့ပြီး စစ်ကူပေးဖို့ သက္ကလဘက်က ဆင်းလာတဲ့စစ်ကားကို သက္ကလနဲ့ ဇွဲတွန်ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကူမပေးတော့ဘဲ နောက်ပြန်ပြေးသွားကြောင်း ခရမ်းချန်နယ်က ဖော်ပြခဲ့ပါတယ်။