ဘီးလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိပြီး အသက်ခြောက်နှစ်အရွယ်ကလေးငယ်သေဆုံး

မတ်၊ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့မတ်လ ၁၈ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး အသက် ၆နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သထုံမြို့နယ်၊ အဆူးအင်းကျေးရွာအနီး ခရိုင်ချင်းဆက်လမ်းဘေးမှာ တပ်စွဲထားတဲ့ အမြောက်တပ်(၃၁၄)တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်ဘက်ခြမ်း ရွှေရောင်ပြကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့်ကလေးငယ်ဆီလက်နက်ကြီးထိမှန်ခဲ့တာလို့ဆိုကြပါတယ်။

သေဆုံးတဲ့ကလေးငယ်ဟာ အဝင်းကြီးကျေးရွာအနီးမှာ မိဘတွေနဲ့အတူ သားငါးရှာဖွေနေတာဖြစ်ပြီး လက်နက်ကြီးတလုံးဟာ ကလေးငယ်ဘေးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်နေရာမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်၊

“ သူတို့က ရွာထဲက အင်းတွေမှာ သားငါးရှာနေတဲ့အချိန် ညနေ ၃ နာရီခွဲလောက်မှာ သူတို့မိသားစုရှိနေတဲ့ နေရာကို ကျရောက်ပေါက်ကွဲခဲ့ တာပါ၊ မိဘတွေတော့ မထိလိုက်ဘူး၊ ကလေးက ဘေးနားမှာ ဆော့နေတာ ။ မိဘတွေက သားငါးရှာနေတာမို့၊ မိဘတွေက မထိဘဲ၊ ကလေးကိုပဲ ထိသွားတာ’’ လို့ ဒေသခံက ဆိုပါတယ်။

ဒါအပြင် အဲဒီနေ့မှာ  စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ်တချို့လည်း ပျက်စီးခဲ့တဲ့ အပြင် မော်တော်ယာဉ်တစီးလည် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာ ရှိတဲ့ စစ်ကောင်စီအမြှောက်တပ်နဲ့ ခြေလျင်တပ်ရင်းတွေက KNU ထိန်းချုပ်တဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကြောင့် အရပ်သားသေဆုံးမှု မကြာခဏဖြစ်ပွားနေတာကို

စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရသိရသလို ဒေသခံတွေကလည်းပြောကြပါတယ်။ဒီလိုလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတွေနေထိုင်တဲ့ နေအိမ်တွေထဲ၊ ဥယျာဉ်ခြံမြေထဲ ကျရောက်ပေါက်ကွဲနေပြီး ဒေသခံတွေဟာလည်း နေစဉ်နဲ့အမျှ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

“ကြောက်တာပေါ့၊ သူတို့က အမြဲတမ်းလိုလို ပစ်နေတာ၊။ တိုက်ပွဲမဖြစ်လည်း ပစ်တိုက်ပွဲဖြစ်လည်း ပစ်၊ ကျွန်မတို့ဆို အရမ်းကြောက်နေရ တယ်။ ဘယ်အချိန် ကိုယ့်အိမ်ထဲ ယာထဲကျမှာလည်း၊ နေ့တိုင်းပဲပေါ့စိုးရိမ်သောကတွေနဲ့ပါ။ ရွာသားတွေကတော့ ဘယ်ကိုသွားပြီး နေထိုင် လုပ်ကိုင်စားသောက်ရမလဲ၊ ကိုယ့်အိမ်မှာ ကိုယ့်ရပ်ရွာမှာပဲ နေချင်တာပေါ့ ဒီလိုပဲ လုပ်ကိုင်စားသောက်နေကြတာပေါ့’’ လို့  ကျေးရွာဒေသခံတဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်းစစ်ကောင်စီခြေလျင်တပ်ရင်း ၂၄ နဲ့ အမြောက်တပ် ၄၀၂ တပ်ရင်းတို့ဟာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမှိန်ကျေးရွာထဲကို လက်နက်ကြီးလက်နက်ငယ်များနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ကျုံမှိန်ကျေးရွာဘုန်းတော်ကြီး ကျောင်းမှာ လက်သမားလုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ခဲ့တယ်လို့ KUN က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မတ်လ ၈ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ၄၀ နှစ်အရွယ်အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မွန်ပြည်နယ်မှာဆိုရင် သထုံမြို့နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ကြီး မကြာခဏရမ်းသန်းပစ်ခတ် လေ့ရှိပြီး ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တိုင်းမှာလည်း အရပ်းသားထိခိုက်သေဆုံးမှုရှိနေပြီး အဲဒီမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုနဲ့တိုက်ပွဲတွေကြားကလေးငယ်တွေပုံစံမျိုးစုံနဲ့သေဆုံးနေပြီး ၂နှစ်ကျော်ကာလအတွင်း ကလေးငယ်ပေါင်း ၂၉၅ ယောက်အထိသေဆုံးခဲ့တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။