မင်းအောင်လှိုင်ရောက်နေချိန် ရန်ကုန်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ဒီကနေ့ ဖေဖော်ဝါရီ(၆)ရက် ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က လျှပ်စစ်ရုံးနဲ့စည်ပင်ရုံးတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို မှော်ဘီမြို့နယ်လျှပ်စစ်ရုံးမှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ်၊ အဝိုင်းအနီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနားမှာလည်း ဒီကနေ့နေ့လယ် ၄နာရီ လောက်က ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ပေါက်ကွဲသံတွေဟာပြင်းထန်ပြီး မှော်ဘီမြို့နယ်လျှပ်စစ်ရုံး ပေါက်ကွဲမှုမှာတော့ Non CDMဝန်ထမ်းတချို့ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

သာကေတမြို့နယ်ပေါက်ကွဲမှုမှာလည်း ထိခိုက်မှုရှိနိူင်ပြီး လုံခြုံရေးတွေရောက်ရှိနေတာ ကြောင့်အတိကျမ ပြောနိုင်သေးဘူးလို့ (၈)ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

“အသံကတော့အကျယ်ကြီးပဲ၊လမ်းထဲကသူတွေအပြင်တောင်မထွက်ရဲဘူး”လို့ သူကပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ အသိပေးထုတ်ပြန်ထားတာမရှိသေးပါဘူး။ ပေါက် ကွဲမှုတွေဖြစ်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာရန်ကုန်မြို့ကိုရောက်ရှိနေပြီး ဒီကနေ့မနက်ပိုင်းက လှိုင် မြို့နယ် MICT Parkထဲမှာလုပ်တဲ့ နျူကလီးယား နည်းပညာအချက်အလက် စင်တာဖွင့်ပွဲတက် ရောက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။

မင်းအောင်လှိုင်ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြို​တင်ရောက်ရှိနေကာ လုံခြုံရေးစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ခဲ့တယ်လို့လည်းမြို့ခံတွေကပြောပါတယ်။