အဂတိ ပြဿနာ ခြောက်လှန့်မှုကို ခံလာရတဲ့ ယူကရိန်း အစိုးရ

အစိုးရ အဖွဲ့ဝင်တဦး အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် အဂတိ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားမယ်လို့ ယူကရိန်း အစိုးရက ကတိပြုခဲ့ပါတယ်။

 သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယူကရိန်း အစိုးရရဲ့ အခြေခံ အဆောက်အအုံ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗာဆဲလ် လိုဇင်စကီးကို ရာထူးက ထုတ်ပယ်လိုက်တဲ့နောက် အဂတိ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားလိုက်ပါတယ်။ လိုဇင်စကီးဟာ စုစုပေါင်း ဒေါ်လာ ၄ သိန်း လောက်ကို မသမာတဲ့ နည်းလမ်းတွေနဲ့ ရယူခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။

 ဇီလန်စကီးကတော့ ခေတ်ဟောင်းမှာ ထူပြောခဲ့တဲ့ အဂတိ ကိစ္စတွေ ယူကရိန်းမှာ တကျော့ပြန် ကြီးစိုးလာမှာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူးလို့ ပြောပါတယ်။ အစိုးရ အရာရှိတွေဟာ နေရာမြဲဖို့နဲ့ ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် ဘဝတလျှောက်လုံး အားထုတ် ကြိုးစားကြတဲ့ အရင်ခေတ်မျိုး လုံးဝ ပြန်အရောက်မခံနိုင်ဘူးလို့ သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း အသိပေးလိုကြောင်း ဇီလန်စကီးက ဆိုပါတယ်။

 လိုဇင်စကီးဟာ ကန်ထရိုက်တာ တချို့နဲ့ လက်ဝါးချင်းရိုက်ပြီး မီးစက်တွေနဲ့ ဆက်စပ်ပစ္စည်း စျေးနှုန်းတွေ မြှင့်ပြီး စာရင်းတင်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ခံနေရပါတယ်။ ယူကရိန်းဟာ ဓာတ်အားပေးလိုင်းတွေကို ရုရှားရဲ့ ပစ်မှတ်ထား တိုက်ခိုက် ခံရမှုတွေကြောင့် မီးစက်တွေကို အရေးတကြီး လိုအပ်နေပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ လိုဇင်စကီးကို ယူကရိန်း ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပြီး အဂတိ တိုက်ဖျက်ရေး အရာရှိတွေက စတင် စုံစမ်း မေးမြန်းနေပါတယ်။ သူ့ရဲ့ ရုံးခန်းကို ဝင်ရောက် ရှာဖွေတဲ့ အခါမှာ ဒေါ်လာ ၄ သောင်းနီးပါးလောက် တန်ဖိုးရှိတဲ့ အမေရိကန်ဒေါ်လာနဲ့ ယူကရိန်း ဟာဗင်နီယာ ငွေစက္ကူတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း စုံထောက်တွေက ပြောပါတယ်။

 ယူကရိန်းဟာ ရုရှားနဲ့ စစ်မဖြစ် ကတည်းကလည်း အဂတိမှုတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာ့နိုင်ငံ ၁၈၀ ရဲ့ အဂတိ ကင်းစင်မှုမှာ ယူကရိန်းက အဆင့် ၁၂၂ သာ ချိတ်ခဲ့ပြီး ဥရောပတိုက်ရဲ့ အဂတိ အထူပြောဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။