အစ္စရေး အိမ်ဖြူတော် တည်ဆောက်ချင်နေတဲ့ ဝန်ကြီးချုပ် နေတန်ယာဟူ

ဂျေရုဆလင်မြို့မှာ ဝန်ကြီးချုပ် အိမ်တော်တစ်ခု တည်ဆောက်ဖို့ စဉ်းစားနေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟူက ပြောကြားခဲ့ပါတယ်။

 အစ္စရေးမှာ ဝန်ကြီးချုပ် အိမ်တော်ရယ်လို့ သီးသန့် မရှိဘဲ နေတန်ယာဟူက ဂျေရုဆလင်မှာရှိတဲ့ ကိုယ်ပိုင် အိမ်ကြီးမှာပဲ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်နားတဝိုက်မှာ လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားရတာ၊ ဆူဆူညံညံ ဖြစ်တာတွေကြောင့် အိမ်နီးချင်းတွေရဲ့ မကျေမနပ် စောဒက တက်မှုတွေကို ကြုံတွေ့နေရတယ်လို့ အစ္စရေးရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်က ဆိုပါတယ်။

 နေတန်ယာဟူဟာ အရင်တုန်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တုန်းကလည်း အစ္စရေးရဲ့ အိမ်ဖြူတော်လို့ ညွှန်းဆိုရမယ့် ဝန်ကြီးချုပ် အိမ်တော် ဆောက်လုပ်ရေးအတွက် အကြံပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်လို့သာ အဲဒီ စီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရင် ကုန်ကျစရိတ် ယူရို သန်း ၃၂၀ လောက်ထိ များပြားမယ်လို့ လေ့လာသူတွေက ခန့်မှန်း တွက်ချက်ထားပါတယ်။

 လက်ရှိ အခြေအနေအရ ဝန်ကြီးချုပ်ဟာ ကိုယ့်အိမ်မှာ ကိုယ်နေပြီး ဝန်ကြီးချုပ်ရုံးမှာ ရုံးထိုင်ရတဲ့ သဘော ဖြစ်နေပါတယ်။ အစ္စရေး အိမ်ဖြူတော် စီမံကိန်း အထမြောက်ခဲ့မယ် ဆိုရင်တော့ ဝန်ကြီးချုပ်ရုံးရော၊ နေအိမ်ပါ တစ်နေရာတည်းမှာ ဖြစ်လာမယ့် အဓိပ္ပါယ်ပါပဲ။

 ၂၀၀၉ ခုနှစ်မှာ အစ္စရေး အစိုးရဟာ ဝန်ကြီးချုပ် အိမ်တော် တည်ဆောက်ရေး အစီအမံ တစ်ခုကို ခွင့်ပြုခဲ့ဖူးပေမယ့် ကုန်ကျစရိတ် များပြားလွန်းမှာ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ၂၀၁၄ မှာ ဒီကိစ္စကို နောက်တစ်ကြိမ် အသက်သွင်းလာပေမယ့် တည်ဆောက်ရေး ကဏ္ဍတွေ မစတင်နိုင်ဘဲ ဆိုင်းငံ့ထားခဲ့ရပြန်ပါတယ်။

 အစ္စရေးမှာတော့ ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက်ဟာ သူ့ရဲ့ ရာထူးသက်တမ်း တလျှောက်လုံး ရာအန်နာနာမှာရှိတဲ့ သူ့ကိုယ်ပိုင် အိမ်မှာပဲ နေထိုင်ခဲ့ပြီး နောက်ထပ် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ယဲရ် လာပစ်ဒ်ကတော့ ဝန်ကြီးချုပ်ရုံး ဝင်းထဲမှာရှိတဲ့ တိုက်ခန်းငယ်လေး တစ်ခုထဲမှာ နေခဲ့ပါတယ်။

 အခုအခါ တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာသူ နေတန်ယာဟူကတော့ ဂါဇာလမ်းမှာရှိတဲ့ ကိုယ်ပိုင် စံအိမ်ကြီးမှာ နေထိုင်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ အရေးကြီး လမ်းကြောင်းတွေ ရှိတဲ့အခါ လမ်းတွေပိတ်တာ၊ လုံခြုံရေး တင်းကျပ်တာနဲ့ ရဲကားဥဩဆွဲတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အနီးတဝိုက်မှာရှိတဲ့ အိမ်နီးချင်းတွေက မကြာခဏ အရေးဆို တိုင်ကြားလေ့ရှိကြောင်း သိရပါတယ်။