ယူကရိန်းအရေး အမေရိကန် အကူအညီလိုရင် ဖိလစ်ပိုင်အသင့်ရှိတယ်လို့ ဒူတာတေးပြောဆို

Photo – AP
ရုရှားရဲ့ ယူကရိန်းတိုက်ခိုက်မှုဟာ ဒီထက်အခြေအနေပိုဆိုးလာပြီး အမေရိကန်ဝင်ပါဖို့ လိုလာရင် ၁၉၅၁ ခုနှစ် နှစ်နိုင်ငံ ကာကွယ်ရေးသဘောတူညီချက်အရ အမေရိကန်တပ်တွေအတွက် လိုအပ်တဲ့အထောက်အကူတွေ လမ်းဖွင့်ပေးမယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောတယ်လို့ မတ်လ ၁၀ ရက်နေ့မှာ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။
မကြာခင်က အစည်းအဝေးတစ်ခုမှာ သမ္မတ ရိုဒရီဂို ဒူတာတေးက အဲသလိုပြောဆိုထားတဲ့အပြင် ဒီပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးပေါ် ရိုက်ခတ်မှုရှိမှာကိုလည်း စိုးရိမ်နေကြောင်း ဖိလစ်ပိုင်သံအမတ် ဟိုဆေးမာနူယယ် ရိုမိုဒက်ဇ်က ပြောခဲ့တာပါ။
ရုရှားရဲ့တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်ပြီး ယူကရိန်းမြေပေါ်က ရုရှားတပ်တွေ ထွက်ခွာဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲရာမှာလည်း ဖိလစ်ပိုင်က ထောက်ခံမဲ ပေးခဲ့ပါတယ်။
သမ္မတဒူတာတေးရဲ့ ခြောက်နှစ်တာ ရာထူးသက်တမ်းဟာ ဇွန်လမှာ ပြီးဆုံးတော့မှာဖြစ်ပြီး သမ္မတဖြစ်ခါက ပထမဆုံးနှစ်တွေမှာ အမေရိကန်ရဲ့ လုံခြုံရေးမူဝါဒကို ဝေဖန်ပြီး ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီတို့နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒူတာတေးက ရုရှားရဲ့ ကျူးကျော်မှုဟာ မှားယွင်းတဲ့ကိစ္စလို့ ရပ်တည်လာခဲ့ပါတယ်။
“အမေရိကန်ဘက်က အကူအညီတောင်းလာရင် ဖိလစ်ပိုင်ဘက်က ဘယ်လိုအားထုတ်မှုမျိုးအတွက်မဆို အသင့်ရှိနေမှာ ရှင်းပါတယ်လို့ သမ္မတ ဒူတာတေးက ပြောခဲ့တာပါ။ အထူးသဖြင့် ယူကရိန်းပဋိပက္ခက အာရှမြေအထိ ကူးစက်ခဲ့မယ်ဆိုရင်ပေါ့။ တကယ်လို့ လိုအပ်လာရင် ဖိလစ်ပိုင်အနေနဲ့ ဘယ်လိုကူညီပံ့ပိုးမှုမျိုးကိုမှာမဆို အမေရိကန်ရဲ့ ပင်မ ပထမတန်း မိတ်ဆွေနိုင်ငံတစ်ခုအဖြစ် ပေးသွားမှာပါ” လို့ သံအမတ်ကြီးက မီဒီယာတွေနဲ့ အွန်လိုင်းက တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
လက်ရှိမှာ ရုရှားနဲ့ စီးပွားရေးတွဲမလုပ်ဖို့ ယူကရိန်းက နိုင်ငံပေါင်းများစွာကို တိုက်တွန်းထားကြောင်း သိပေမယ့် ဖိလစ်ပိုင်အစိုးရက ဒီတိုက်တွန်းချက်ကို တရားဝင်လက်ခံရရှိခြင်း ရှိမရှိ မသိရသေးဘူးလို့ ဖိလစ်ပိုင်သံအမတ်က ဆိုပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးအရာရှိတွေဟာ ဒီတစ်ပတ်မှာ အာဆီယံနိုင်ငံက သံတမန်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ချိန်းဆိုထားပြီး ရုရှားလောင်စာဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ရေးအပါအဝင် အမေရိကန်ရဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပိုမိုကျယ်ပြန့်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၂၈ ရက်နေ့ ကျင်းပမယ့် အမေရိကန်အပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့လည်း ဆွေးနွေးနိုင်ပါတယ်။
ထိပ်သီးဆွေးနွေးပွဲရက်ဟာ သမ္မတ ဒူတာတေးရဲ့ ၇၆ နှစ်ပြည့်မွေးနေ့နဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရာသီတို့နဲ့ပါတိုက်ဆိုင်နေတာကြောင့် သမ္မတ ဒူတာတေး တက်ရောက်နိုင်ဖို့ မလွယ်ဘူးလို့ သံအမတ်က ပြောပါတယ်။