စစ်တပ်စစ်ကြောင်းထိုးနေတဲ့ဆားလင်းကြီးမှာ ဒေသခံတသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီတပ်က မွှေနှောက်မီးရှို့နေတာကြောင့် ကျေးရွာ ဆယ်ရွာက စစ်ရှောင် တသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစားအစာနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဇန် နဝါရီ ၁၂ ရက်ကနေ လက်ရှိအချိန်ထိ ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ဆားလင်းကြီးမြောက်ရွာ၊ ဖောင်းကတာ၊ ဆည်တဲနဲ့ ကျောက်ဖြူတိုင်ရွာ တွေကို ဝင်ရောက် မီးရှို့နေကာ ပျက်စီးဆုံးရှုံးမှုကိုတော့ အတိ အကျမသိရသေးဘူးလို့ ဆိုပါတယ်။

“အကြောင်းမဲ့ စစ်ကြောင်းထိုးမီးရှို့နေတာပါ၊ ကျေး ရွာ ဆယ်ရွာက ပြည်သူသောင်းနဲ့ချီရှောင်ပြေးနေရတာ၊ အခက်အခဲတွေရှိပါတယ်၊ စားသောက်ရေးအတွက် ဘေးကင်းတဲ့ကျေးရွာတွေက ပြည်သူနဲ့ ကာကွယ်ရေးအဖွဲ့တွေ ကူညီနေပေမယ့် စစ်ရှောင်အင်အားများလို့ အခက်အခဲတွေဖြစ်လာပါတယ်” လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

ဆားလင်းကြီးနယ်မြေခံတပ်ရင်းကထွက်လာတဲ့ စစ် ကြောင်းဟာ ဇန်နဝါရီ ပထမပတ်မှာလည်း ဘင်္ဂါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ကိုင်းရွာ တွေမှာရှိတဲ့ ပြည်သူနေအိမ် ၂၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်ကတော့ ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို အကူအညီပေးဖို့လာတဲ့ ရေယာဉ်တစီးကို ချင်းတွင်းမြစ်ထဲမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက နေအိမ် သုံးသောင်းကျော်ဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။