စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသမှာဆုတောင်းပွဲ ပြုလုပ်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် ကျဆုံးခဲ့ရတဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသ၊ဆောမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတရပ်တွေက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA/CNF ရဲဘော်ငါးဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ညနေပိုင်းမှာလဲ လေကြောင်းကနေထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့လို့ ဆေးပေးခန်းအပါအဝင် အဆောက်အဦးတွေပျက်စီးခဲ့ရပါတယ်။

” သတင်းကြားရရချင်းစိုးရိမ်စိတ်တွေဖြစ်တာပေါ့။ ခုလည်းကျမတို့ညီအစ်ကိုမောင်နှမတိုင်းရင်းသားတွေ တသားတည်းရှိတယ်ဆိုတာကိုပြတာပါ” လို့ ဆုတောင်းပွဲတက်ရောက်ခဲ့တဲ့ယောဒသခံတဦးကပြောပါတယ်။

ဆုတောင်းပွဲကိုယောဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံးတက်ရောက်ခဲ့ကြပြီး ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်ဆုတောင်းပေးကာ ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင်သီဆိုကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီဆုတောင်းပွဲအခမ်းအနားကို ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်တွေ  လုံခြုံရေးယူပေးပြီး လိုအပ်တာတွေကို ကူညီ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။