စစ်ကောင်စီက လက်နက်ကြီးနဲ့ညတိုင်းပစ်ခတ်နေတဲ့ ကြာအင်းဆိပ်ကြီးမှာ လူဦးရေစာရင်းလိုက်ကောက်နေ

နှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်သလို လက်နက်ကြီးသံတွေ ညတိုင်းလိုလိုကြားနေရတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ စစ်ကောင်စီကပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် လူစာရင်းတွေလိုက်ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတဲ့အခါတိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာတွေ လေယာဉ်နဲ့ဗုံးကြဲတာတွေကို လုပ်ဆောင်တာကြောင့် ကြာအင်းဆိပ်ကြီးမြို့ခံတချို့ကလည်းနေရပ်စွန့်ခွာပြေးတာတွေရှိနေတယ်လို့ဆိုရပါတယ်။

“ အခြေအနေကတော့ နေ့တိုင်းနီးပါး အသံတွေကြားနေရတာပဲ။  အိမ်ထောင်စုစာရင်းကတော့ ထွေအုပ်ရုံးက ဦးဆောင်ပြီးတော့ လိုက်ကောက်နေတာ၊ တိုက်ပွဲဖြစ်နေတဲ့ကြားထဲမှာ ဘယ်သူကမဲပေးမှာလဲ၊ လေယာဉ်ကလည်း လာတော့ကြောက်နေရတယ်၊ သူတို့ကရမ်းပစ်တာ’’  လို့ ကြာအင်းဆိပ်ကြီးဒေသခံက DNA ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းကင်းထောက်မှုဟာလည်း နေ့စဉ်လိုလိုရှိနေတာကြောင့်ဒေသခံတွေဟာ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

“ သူတို့က တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့ လေယာဉ်လာပြီးဗုံးကြဲတော့ ဘယ်နေရဲတော့မလဲ။ ပြေးကြတာပေါ့။ တခြားမြို့ကို ပြေးတဲ့လူတွေလည်းရှိတယ်။စစ်ဘေးရှောင်စခန်းကိုပြေးတဲ့လူလည်းရှိတယ်။

အိမ်ကိုမပစ်နိုင်လို့ မပြေးဘဲနေနေကြတဲ့လူတွေလည်းရှိတယ်’’ လို့ မြို့ကစွန့်ခွာထွက်ပြေးလာရတဲ့  စစ်ရှောင်တဦးကပြောပါတယ်။ 

လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တောင်စွန်း၊ အနန်းကွင်း၊ ကျောက်ဘီလူး၊ သံပုရာ၊ ဆင်ပြေး၊ ခုံခံ၊ ကိုရောင် နဲ့ ဝင်းခနကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။